NUG အစိုးရအဖွဲ့က ဝန်ကြီးဌာန ၅ ခုကိုဖျက်သိမ်းခဲ့ပြီး ဝန်ကြီး၊ ဒုဝန်ကြီးတွေကို အပြောင်းအလဲပြုလုပ်

Author CJ Platform
Categories
Published on Dec 08, 2025

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အရင်ဖွဲ့စည်းထားတဲ့ ဝန်ကြီးဌာန ၅ ခုကို ဖျက်သိမ်းခဲ့ပြီး ဝန်ကြီးနဲ့ ဒုတိယဝန်ကြီးတွေကို ရာထူးအပြောင်းအလဲပြုလုပ်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီနေ့ ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ပြန်လာပါတယ်။

NUG အစိုးရအဖွဲ့အတွင်း အရင်က ဝန်ကြီးဌာန ၁၇ ခုထားရှိခဲ့ပေမဲ့ ဒီနေ့ထုတ်ပြန်ထားတဲ့စာရင်းမှာတော့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့ကို မပါဝင်တော့ပါဘူး။

ဒါ့အပြင် အလုပ်သမားဝန်ကြီးဌာနကိုလည်း ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ လူမှုကူညီရေး၊ အလုပ်သမားရေးနှင့် လူသားချင်းစာနာထောက်ထာရေးဝန်ကြီးဌာနအောက်မှာ ထည့်သွင်းခဲ့သလို ဝန်ကြီး၊ ဒုဝန်ကြီးတွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ နိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏ၊ နော်စူစန်နာလှလှစိုး၊ ဦးထင်လင်းအောင်၊ ဒေါ်ခင်မမမျိုး၊ ဒေါက်တာဆာဆာနဲ့ ဒေါ်အိသဉ္ဇာမောင်တို့လည်း အခုအသစ်ထုတ်ပြန်ထားတဲ့ NUG အစိုးရအဖွဲ့စာရင်းမှာ မပါဝင်လာပါဘူး။

“အလုပ်သမားဝန်ကြီးဌာနအနေနဲ့ သီးခြားမရှိတော့ဘဲ လူမှုကူညီရေး၊ အလုပ်သမားရေးနှင့် လူသားချင်းစာနာထောက်ထာရေးဝန်ကြီးဌာနအောက်မှာ ပေါင်းစပ်သွားပါတယ်။ နောက်ပြီးတော့ ဆရာ ဦးမိုးဇော်ဦးကတော့ ဆက်ပြီးတော့မပါတော့တဲ့သဘောပေါ့။ သူလည်း နုတ်ထွက်ထားပြီးဖြစ်တယ်။ ပြုပြင်ပြောင်းလဲရေးက လုပ်ငန်းစဉ်အနေနဲ့သွားမှာဖြစ်တယ်” လို့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း NUG အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီး CJ Platform ကို ပြောထားပါတယ်။

ဝန်ကြီး၊ ဒုဝန်ကြီးတွေ ပြောင်းရွှေ့မှုနဲ့အတူ ပြုပြင်ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ ဝန်ကြီးဌာနတွေထဲက ပညာရေးဝန်ကြီးဌာနနဲ့ တရားရေးဝန်ကြီးဌာနမှာ ဒုတိယဝန်ကြီးတွေ ပါဝင်လာတာမရှိသေးပေမဲ့ လစ်လပ်နေရာအတွက် ထပ်မံခန့်အပ်တာ၊ အပြောင်းအလဲတွေလုပ်ဆောင်တာကတော့ ဆက်ရှိနေမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အရင် ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဇော်ဝေစိုးက ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီးရာထူးကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး ပညာရေးဝန်ကြီးအဖြစ် ဂျာထွန်ပန်၊ ကျန်းမာရေးဝန်ကြီးအဖြစ် ဒေါက်တာ ရွှေပုံတို့က ဝန်ကြီးရာထူးအထိ တိုးမြှင့်ခံထားတာကို တွေ့ရပါတယ်။

NUG အစိုးရအဖွဲ့အတွင်း ဖွဲ့စည်းထားတဲ့ ဝန်ကြီးဌာန ၁၇ ခုကို လျှော့ချပြီး အချို့ဝန်ကြီးဌာနကို ဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ ဒီနေ့ CRPH က ထုတ်ပြန်ထားတဲ့ ဝန်ကြီးဌာန ပြင်ဆင်ပြောင်းလဲ ဖွဲ့စည်းမှုတော့ သိသာထင်ရှားတဲ့ အပြောင်းအလဲကို မတွေ့ရပါဘူး။

 

Related News

Depend on news