အနောက်မန်ကျည်းကန်ပျူရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်

Author CJ Platform
Categories
Published on Jun 12, 2025

ပခုက္ကူမြို့နယ် အနောက်ဘက်က မန်ကျည်းကန်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ပျူစောထီးကျေးရွာကို ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက် မနက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုဆီကနေ သိရပါတယ်။

 

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ မန်ကျည်းကန်ကျေးရွာရှိ စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ် (ပျူစောထီး) တပ်ဖွဲ့ဝင်တို့ တစ်နာရီခွဲကျော် တိုက်ခိုက်ခဲ့ရပြီး စစ်ကောင်စီရဲ့ စစ်ကူအင်အား ရောက်ရှိလာတာကြောင့် တော်လှန်ရေးအင်အားစုတွေ တပ်ပြန်ဆုတ်ခဲ့တယ်လို့ ပြောပါတယ်။

 

“ကျွန်တော်တို့က သူတို့ (စစ်ကောင်စီ) နောက်ခံစခန်းတွေကို ဝင်လုံးတာပါ။ စစ်ကူတွေရောက်လာလို့ ပြန်ဆုတ်ခဲ့ရတယ်။ အခုလိုလုပ်လိုက်တာက သူတို့ အလစ်အငိုက်ခံလိုက်ရတာ” လို့ အညာမြေတပ်ပေါင်းစုရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က CJ Platform ကို ပြောပါတယ်။

 

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဘန်ကာ ၃ လုံးကို သိမ်းဆည်းနိုင်ပြီး စခန်းကို သိမ်းပိုက်နေချိန် ဘဲကြီးကျေးရွာနဲ့ ပခုက္ကူတပ်မ (၁၀၁) တို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။

 

တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့လည်း အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။

 

တိုက်ပွဲကို အညာမြေတပ်ပေါင်းစုနဲ့အတူ ဧရာဒေါင်းတပ်ဖွဲ့၊ PKU၊ P PDF၊ ကိုရေခဲနှင့် ဗလညီနောင် ခေါင်းဆောင်လူငယ်ပြောက်ကျားတပ်ဖွဲ့၊ Youth Guerrilla Force (YGF)၊ ဝံပုလွေးပြောက်ကျားတပ်ဖွဲ့၊ God of Myaing မုန်တိုင်းပြောက်ကျားတပ်ဖွဲ့၊ DYT ပြောက်ကျားတပ်ဖွဲ့၊ 21 Bagan၊ BLY ပေါက်ပကဖ၊ သခင်ဖိုးလှကြီး (မကွေးခရိုင် ပကဖ တပ်ခွဲ ၆)၊ Burmese Revolution Ranger နဲ့ PLO ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – အညာမြေတပ်ပေါင်းစု

 

 

Related News

Depend on news