အတန်းပညာ အသိပညာ အားနည်းနေလို့ အကြမ်းဖက်နေတာလို့ စာသင်ကျောင်းတွေ ဗုံးကြဲနေတဲ့ စစ်ခေါင်းဆောင် ပြော

စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူတွေအနေနဲ့ အတန်းပညာ၊ အသိပညာ အားနည်းနေလို့ တော်လှန်ရေးပြုလုပ်ကာ အကြမ်းဖက်နေတာဖြစ်တယ်လို့ ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့ ပြင်ဦးလွင်မြို့ကအမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းသူ၊ကျောင်းသားတွေနဲ့ တွေ့ဆုံချိန်မှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၀ ရာခိုင်နှုန်းဟာ ပညာမတတ်သူတွေဖြစ်ပြီး ဆရာ၊ ဆရာမတွေကသာ မိဘတွေထက် သွန်သင်ဆုံးမပေးရတာကြောင့် မိဘသွန်သင်ဆုံးမသူတွေဟာ စာမတက်သူ ကလေးငယ်တွေဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
“တိုင်းချစ် ပြည်ချစ်စိတ်နဲ့ မျိုးချစ်စိတ်ဓာတ်များ မြင့်မားစေရေးတို့အတွက်လည်း ဆရာ၊ ဆရာမများအနေနဲ့ စနစ်တကျ လေ့ကျင့်သင်ကြားပေးရန်လိုပြီး စိတ်ဓာတ်စည်းကမ်းကောင်းမွန်ရေး၊ အမျိုးသားရေး စိတ်ဓာတ်မြင့်မားရေးဟာ အဓိက အရေးကြီးတယ်” လို့ တိုင်းရင်းသားတွေ၊ ပြည်သူတွေနဲ့ စစ်ဖြစ်နေတဲ့ စစ်ခေါင်းဆောင်က ညွှန်ကြားခဲ့ပါတယ်။
စစ်ခေါင်းဆောင်က ကျောင်းစာကြည့်တိုက်အတွက် စာအုပ်တွေပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူတွေနဲ့ ကိုက်ညီတဲ့ စာအုပ်တွေ ကျောင်းစာကြည့်တိုက်မှာ ထားရှိမှသာ နိုင်ငံအနာဂတ်ကို ဦးဆောင်ကြမယ့် အနာဂတ်မျိုးဆက်သစ် လူသားအရင်းအမြစ်ကောင်းတွေကို ပိုမို မွေးထုတ်ပေးနိုင်မယ်လို့ ကျောင်းဖတ်စာအုပ်တွေ နှစ်စဉ် ပြန်သိမ်းခိုင်းတဲ့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဝန်ထမ်းတွေအနေနဲ့ ပါတီနိုင်ငံရေးကင်းရှင်းရမှာဖြစ်သလို နိုင်ငံရေးနဲ့ နိုင်ငံ့အရေးကို ခွဲခြားသိမြင်ဖို့ လိုအပ်ပြီး ဝတ်စုံစရိတ်တွေ၊ အိမ်ငှားခတွေ၊ ထောက်ပံ့ကြေးတွေ၊ ပညာရပ်ပိုင်းဆိုင်ရာ ချီးမြှင့်မှုများ ပေးအပ်နေတာကြောင့် အာရုံစူးစိုက်ပြီး အလုပ်လုပ်ကြဖို့ကိုလည်း လစာနဲ့ ကုန်ဈေးနှုန်း မကိုက်ညီပဲ ရုန်းကန်နေရတဲ့ Non-CDM ပညာရေးဝန်ထမ်းတွေကို စစ်ခေါင်းဆောင်က ညွှန်ကြားခဲ့ပါတယ်။
အခြေခံပညာအထက်တန်း ကျောင်းသားတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး သင်ကြားပေးထားပြီး KG-12 တက်နေသူ ကျောင်းသားတွေလည်း အသက်ပြည့်ရင် မဲပေးရမယ်လို့ ရွေးကောက်ပွဲနဲ့ နိုင်ငံရေး ထွက်ပေါက်ရှာနေသူ စစ်ကောင်စီ ခေါင်းဆောင်က ဆိုပါတယ်။
ဒါအပြင် သူ့အနေနဲ့ နိုင်ငံရေး လုပ်နေတာမဟုတ်ဘဲ နိုင်ငံ့အရေးကိုသာ ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း ပြင်ဦးလွင်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။
ဓာတ်ပုံ – Pro-SAC