MTC/MDF ရဲ့ စစ်မှုထမ်းဥပဒေကြောင့် မရာပြည်သူတွေ စိုးရိမ်နေကြရ

ချင်းပြည် မတူပီ၊ ထန်တလန်၊ ပလက်ဝ စတဲ့မြို့နယ်တွေမှာရှိတဲ့ မရာဒေသကို မရာနယ်မြေကောင်စီ/မရာကာကွယ်ရေးတပ် (MTC/MDF) က ဇွန်လ ၅ ရက်နေ့က စစ်မှုထမ်းရမယ့် ဥပဒေပြဌာန်းလိုက်တဲ့အတွက် မရာပြည်သူတွေဟာ စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓမ္မဆရာတွေနဲ့ ကျန်းမာရေးချို့ယွင်းသူတွေမှ အပ၊ အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း မရာဒေသရှိ အမျိုးသမီး၊ အမျိုးသားတိုင်းဟာ စစ်မှုထမ်းရမယ့် MTC/MDF ရဲ့ ဥပဒေကြောင့် မဖြစ်မနေ စစ်မှုထမ်းဖို့လိုလာတာကြောင့် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေကြတာပါ။
“ကျွန်တော်က အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ မိဘတွေ၊ ဇနီးသားသမီးတွေကို လုပ်ကျွေးနေရတာမို့ ကျွန်တော်ကို စစ်မှုထမ်းခေါ်မယ်ဆိုရင် မိသားစုစားဝတ်နေရေး အခက်အခဲဖြစ်နိုင်ပါတယ်” လို့ အသက် ၃၅ နှစ်အရွယ် လိုင်လင်းပီမြို့ခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
MTC/MDF ရဲ့ ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေဟာ မိဘပြုစုသူတွေနဲ့ အိမ်ထောင်ဦးစီးတွေအတွက် အခက်အခဲဖြစ်စေတယ်လို့ ဆိုကြပါတယ်။ နိုင်ငံရေးအခြေအနေကြောင့် ဒေသတွင်း အလုပ်အကိုင်ရှားပါး၊ ဝင်ငွေမရှိတဲ့အချိန်မှာ လူငယ်၊ လူရွယ်တွေကို စစ်မှုထမ်းခေါ်တာဟာ မိသားစုတွေ အတွက် ပိုမိုကြပ်တည်းလာနိုင်တယ်လို့လည်း ဝေဖန်နေကြပါတယ်။
“အခုနိုင်ငံရေးမကောင်းတော့ အလုပ်အကိုင်ရှားပါတယ်။ အလုပ်လုပ်နိုင်တဲ့ လူရွယ်တွေကပဲ ဝင်ငွေပေးနေကြတာပါ။ အဲဒီလူတွေကို စစ်မှုထမ်းခေါ်မယ်ဆိုရင် မိသားစုတွေ ပိုအခက်ကြုံလာမှာပါ” လို့ အသက် ၄၉ နှစ်အရွယ် မရာဒေသခံတစ်ဦးက ပြောပါတယ်။
အထူးသဖြင့် စစ်မှုထမ်းအကျုံးဝင်တဲ့အိမ်တွေမှာ တစ်အိမ်လုံးက တစ်ဦးထက်ပိုတဲ့ မိသားစုဝင်တွေကိုတောင် စစ်မှုထမ်းဖို့လိုလာနိုင်တာကြောင့် ပြည်သူတွေမှာ စိုးရိမ်မှုအများကြီးရှိနေပါတယ်။
“အိမ်တစ်အိမ်မှာ သုံးယောက်လောက် စစ်မှုထမ်းရမယ်ဖြစ်နေတာမျိုး မဖြစ်သင့်ဘူး။ တစ်ယောက်လောက်ဆိုရင် ရပါပြီ။ ထမ်းဆောင်ရမယ့်ကာလကိုလည်း တိတိကျကျ သတ်မှတ်ထုတ်ပြန်သင့်တယ်” လို့ အသက် ၃၀ နှစ်အရွယ် မရာအမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။
MTC/MDF အနေနဲ့ စစ်ကောင်စီတပ် အင်အားတည်ဆောက်နေတဲ့အချိန်မှာ မရာနယ်မြေဟာ လုံခြုံမှုအနည်းငယ်နဲ့ တိုက်ရိုက်မျက်နှာမူနေရတဲ့ ဒေသဖြစ်တာကြောင့် ကြိုတင်ကာကွယ်ရေးအနေနဲ့ စစ်မှုထမ်းဥပဒေ ပြဌာန်းလိုက်တာဖြစ်ကြောင်း ဇွန် ၅ ရက်နေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူတွေကိုလည်း ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းထားပြီး ဤဥပဒေဟာ မိမိဒေသ၊ ကျေးရွာလုံခြုံရေးကို တာဝန်ယူနိုင်ရေးအတွက် ရည်ရွယ်တာဖြစ်ပြီး အရေးကြုံလာရင် တာဝန်အပြည့်ထမ်းဆောင်နိုင်ဖို့ အရံတပ်ဖွဲ့အနေနဲ့ ရည်ရွယ်ထားတာလို့ MTC/MDF ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
MTC/MDF ဟာ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သလို မတူပီမြို့နယ်က လိုင်လင်းပီမြို့၊ ပလက်ဝနဲ့ ထန်တလန် စတဲ့ မြို့နယ်တွေက မရာဒေသတွေနဲ့ပါ ထိန်းချုပ်ထားပါတယ်။
ပုံစာ – MDF ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကို တွေ့မြင်ရစဉ် (ဓာတ်ပုံ – MDF)