ကျေးရွာတွေမီးရှို့ပြီး ပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခံရလို့ ၁၁ ဦးသေဆုံး လက်နက်ခဲယမ်းနဲ့ စိတ်ကြွဆေးပြားတွေပါ သိမ်းဆည်းရမိ

ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းခေါင်းမြို့နယ်အတွင်းက ကျေးရွာတွေကို မီးရှို့ပြီး ပေါင်းတည်မြို့နယ်ကို ပြန်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း – ၃၆၀၂ ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တိုက်ပွဲဟာ ပေါင်းတည်မြို့နယ် ညောင်နီပင်ကျေးရွာနဲ့ မအူကွင်းကျေးရွာအကြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ပေါက်ခေါင်းမြို့နယ်အတွင်းက သိုက်ချောင်းရွာ၊ ကွမ်းအုံစုရွာ၊ အိုင်စောက်ရွာ၊ မြေနီကုန်း၊ သဖန်းကိုင်းရွာ၊ ဒလမဲရွာ၊ မရိုးကျွန်းရွာ၊ ပြန်ချီတက်ရွာတွေကို ရွာစဉ်လှည့်ကာ မီးရှို့ပြီး ပေါင်းတည်မြို့နယ်ထဲ ဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ အမှတ် (၃) ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၃ က ၃ ဦး၊ ကပစ-၆ က ၃ ဦးနဲ့ အမှတ် ၆၀၁ ဒုံးတပ်ရင်းက ၂ ဦး အပါအဝင် စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီက လက်နက်ကြီး လက်နက်ငယ်များနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သလို စက်တပ်လေထီးတွေနဲ့လည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၆၀မမ ကွန်မန်ဒိုစိန်ပြောင်း (၂) လက်၊ MA-1 (၂) လက်၊ MA-3 (၆) လက်၊ လက်ပစ်ဗုံး (၂) လုံး၊ MA-1 ကျည်ဘောက် (၃) ဘောက်၊ MA-3 ကျည်ဘောက် (၅) ဘောက်၊ G-3 ကျည်ဘောက် (၁) ဘောက်၊ 5.56 ကျည် (၅၆) တောင့်၊ 7.62 ကျည် (၁၆) တောင့်၊ Icom (၁) လုံး၊ WY စိတ်ကြွဆေး (၁၅၀) ပြားနဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ဗျူဟာ (၂၁) လက်အောက်ခံ ပြည်ခရိုင် တပ်ရင်း (၂)၊ တပ်ရင်း – ၃၆၀၂ တပ်ရင်းရုံး၊ တပ်ခွဲ (၃)၊ တပ်ခွဲ (၄) နဲ့ တပ်ရင်း (၁)၊ တပ်ရင်း – ၃၆၀၁ တို့အပြင် ပြည်ခရိုင် (ပကဖ)၊ ရွှေတောင် (ပကဖ)၊ ပေါက်ခေါင်း (ပကဖ)၊ တပ်ရင်း – ၃၈၀၁ တပ်ခွဲ (၃)၊ နတ်စစ်သည်အဖွဲ့၊ တပ်ခွဲ (၆) ဧရာညီနောင်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၁) ဗျူဟာ၊ ပြည်ခရိုင်၊ တပ်ရင်း – ၃၆၀၂ က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – ပြည်ခရိုင်၊ တပ်ရင်း – ၃၆၀၂