အိုးထိမ်းကွင်းရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ပြီးနောက် ကျောင်းထဲမှာ PDF တွေ လက်လုပ်ဗုံးလုပ်ရင်း ပေါက်ကွဲတာလို့ သတင်းအမှားဖြန့်

စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ ဒီပဲယင်းမြို့နယ်တွင်းက အိုးထိမ်းကွင်းရွာရဲ့ စာသင်ကျောင်းကို အာဏာသိမ်း စစ်ကောင်စီက ဒီကနေ့ မေလ ၁၂ ရက်နေ့ မနက်ပိုင်း ၉ နာရီ ၄၀ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား ကျောင်းသူနဲ့ ဆရာ၊ဆရာမတွေ အရေအတွက် ဆယ်နဲ့ချီ သေဆုံးခဲ့ရတယ်လို့ ဒီပဲယင်းမြို့နယ် ပြည့်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က သတင်းထုတ်ပြန်ထားတဲ့အပြင် လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေကလည်း သတင်းတွေ ဖော်ပြထားပါတယ်။
အိုးထိမ်းကွင်း စာသင်ကျောင်း လေကြောင်းကနေ တိုက်ခိုက်ခံရမှုသတင်း ထွက်ပေါ်လာပြီး နာရီပိုင်းအကြာမှာပဲ စစ်ကောင်စီကိုထောက်ခံတဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေက အဲဒီ လေကြောင်းတိုက်ခိုက်မှုဟာ မဟုတ်မှန်ကြောင်းနဲ့၊ ကျောင်းသူ ကျောင်းသားနဲ့ ဆရာ ဆရာမတွေ သေဆုံးမှုုဟာ ကျောင်းထဲမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက လက်လုပ်ဗုံးလုပ်ကိုင်နေရင်း ပေါက်ကွဲတာကြောင့် ဆိုပြီး သတင်းတွေ ဖြန့်ချိလာပါတယ်။
ဒါကြောင့် အဲဒီ သတင်းဖြန့်ချိမှုတွေနဲ့ ပတ်သက်ပြီး သတင်းအမှန်ကို သိရဖို့ CJ Platform အနေနဲ့ စိစစ်လုပ်ဆောင်ခဲ့ပါတယ်။
အိုးထိမ်းကွင်းရွာ ဗုံးကြဲတိုက်ခိုက်မှုကို ဒီပဲယင်း (ပအဖ) က ဒီကနေ့ မေလ ၁၂ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၃၇ မိနစ်မှာ စတင်ထုတ်ပြန်ပါတယ်။ ဒီပဲယင်း ပအဖ သတင်းထုတ်ပြန်ပြီး မကြာခင်မှာပဲ ဒေသတွင်း သတင်းဌာနဖြစ်တဲ့ လူထုနွေဦး (People’s Spring) သတင်းဌာနက ၁၁ နာရီ ၁ မိနစ်အချိန်မှာပဲ အဆိုပါ တိုက်ခိုက်မှု သတင်းကို ဖော်ပြခဲ့သလို ကျောင်းသား၊ ကျောင်းသူနဲ့ ဆရာ၊ ဆရာမတွေအပါအဝင် ထိခိုက်သေဆုံးသူ ၁၁ ဦးရှိတယ်လို့ ဆိုပါတယ်။ အခြား ဒေသတွင်း သတင်းဌာနတွေဖြစ်တဲ့ Kachin News Group ရဲ့ ၁၁ နာရီ ၅၆ မိနစ်မှာ ဖော်ပြခဲ့တဲ့ သတင်းမှာတော့ လေကြောင်းတိုက်ခိုက်ချိန်မှာ ကျောင်းသားတွေ စာမေးပွဲဖြေနေချိန် ဖြစ်တာကြောင့် ကျောင်းသား ကျောင်းသူ ၄၀ကျော်နဲ့ အထက်တန်းပြ ဆရာမ ၂ ဦး သေဆုံးကြောင်း ဖော်ပြထားပါတယ်။ နောက်ထပ် ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ ခေတ်သစ် သတင်းဌာနကတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆရာမ ၂ ဦးအပါအဝင် ကျောင်းသား ကျောင်းသူ ၅၀ ဝန်းကျင် ထိခိုက်သေဆုံးတယ်လို့ ကျောင်းသား၊ ကျောင်းသူ ရုပ်အလောင်းတချို့နဲ့ စာသင်ကျောင်း ထိခိုက်ပျက်စီးပုံနဲ့ တကွ ဒီကနေ့နေ့လယ် ၁၂ နာရီ ၁၇ မိနစ်မှာ ဖော်ပြပါတယ်။
ဒီပဲယင်း ပအဖ ထုတ်ပြန်ချက်ကို ဖတ်ရှုရန် – https://tinyurl.com/mrysjv9x
People’s Spring သတင်းဌာန ဖော်ပြချက်ကို ဖတ်ရှုရန် – https://tinyurl.com/prsve747
Kachin News Group သတင်းဌာန ဖော်ပြချက်ကို ဖတ်ရှုရန် – https://tinyurl.com/y6n2873r
ခေတ်သစ် သတင်းဌာနဖော်ပြချက်ကို ဖတ်ရှုရန် – https://tinyurl.com/56bu2645
ဒီပဲယင်း ပအဖနဲ့ ဒေသတွင်း သတင်းဌာနတွေရဲ့ အိုးထိမ်းကွင်းရွာ လေကြောင်းတိုက်ခိုက်ခံရအကြောင်း ဖော်ပြပြီး မကြာခင်မှာပဲ စစ်ကောင်စီကိုထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ သတင်းဌာနတွေရဲ့ ဖော်ပြချက်ဟာ မှားယင်းကြောင်းနဲ့ အဆိုပါ ဖြစ်စဉ်ဟာ စာသင်ကျောင်းထဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) တွေက လက်လုပ်ဗုံးတွေလုပ်ရင်း ပေါက်ကွဲခဲ့တဲ့ ဖြစ်စဉ်သာဖြစ်တယ်လို့ လက်လုပ်ဗုံးလုပ်နေတဲ့ ရုပ်သံဖိုင်တစ်ခုနဲ့အတူ သတင်းတွေ ပြန်လည်ဖြန့်ချိတာကို စိစစ်တွေ့ရပါတယ်။
စစ်ကောင်စီလော်ဘီ Ka Ka Han ချန်နယ် ဖော်ပြမှုကို ကြည့်ရှုရန် – https://tinyurl.com/vnmsapdv
DGF21 News ဖော်ပြမှုကို ကြည့်ရှုရန်- https://tinyurl.com/bdfc4t7w
တိုက်ပွဲသတင်းစုံ ချန်နယ် ဖော်ပြမှုကို ကြည့်ရှုရန် – https://tinyurl.com/58p23tde
မှိုင်းဝေ ချန်နယ်ဖော်ပြမှုကို ကြည့်ရှုရန် – https://tinyurl.com/hrfunbh4
စစ်ကောင်စီ ဝါဒဖြန့်တယ်လီချန်နယ်တွေဟာ ကျောင်းသား၊ ကျောင်းသူနဲ့ ဆရာ၊ဆရာမတွေရဲ့ ထိခိုက်သေဆုံးမှုဟာ PDF တွေရဲ့ လက်လုပ်ဗုံးကြောင့်လို့ ဆိုပြီး လက်လုပ်ဗုံးလုပ်နေတဲ့ ရုပ်သံ တစ်ခုကိုပါ ပူးတွဲတင်ခဲ့တာကြောင့် အဆိုပါ ရုပ်သံကိုလည်း CJ Platform အနေနဲ့ စိစစ်ခဲ့ပါတယ်။
အဆိုပါ ရုပ်သံဟာ Tik Tok က ရုပ်သံတစ်ခုဖြစ်ပြီး သုံးစွဲသူရဲ့ အကောင့် ID ပါပါနေတဲ့အတွက် အဆိုပါ ID အတိုင်း Tik Tok မှာ ရှာကြည့်ရာမှာတော့ “ပြည်သူချစ်တဲ့ အမေ့သား” ဆိုတဲ့ နာမည်နဲ့ PDF ရဲဘော်တစ်ဦးရဲ့ Tik Tok အကောင့်တစ်ခုဖြစ်နေတာကို တွေ့ရပါတယ်။ အဆိုပါ အကောင့်ထဲက ရုပ်သံတွေကို ရှာဖွေရာမှာတော့ စစ်ကောင်စီလော်ဘီတွေ ဖော်ပြထားတဲ့ ရုပ်သံကိုမတွေ့ရတော့ဘဲ အခြား ရုပ်သံတွေကိုပဲ တွေ့ရှိရပါတယ်။ အဆိုပါ PDF ရဲဘော်ရဲ့ ရုပ်သံတစ်ခုထဲမှာ ဘတ်တံဆိပ်နဲ့ ယူနီဖောင်းနဲ့ တွေ့ရတာကြောင့် သေချာစိစစ်ကြည့်ရာမှာတော့ ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆိုတဲ့ စာသားတွေကို အတည်ပြုနိုင်ခဲ့တာကြောင့် လက်ရှိ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားရာ ရေဦးခရိုင်နဲ့ ဆက်စပ်မှု မရှိတာကို အတည်ပြုနိုင်ခဲ့ပါတယ်။
အဆိုပါ PDF ရဲဘော်၏ Tik Tok အကောင့် – https://tinyurl.com/5zb34rpw
ပခုက္ကူခရိုင် စာသားအတည်ပြုနိုင်တဲ့ ရုပ်သံ – https://tinyurl.com/3hw3szrd
စစ်ကောင်စီလော်ဘီချန်နယ်မှာ ဖော်ပြထားတဲ့ ရုပ်သံလင့်ခ် – https://tinyurl.com/bdfc4t7w
(အဆိုပါရုပ်သံတွင် ပါဝင်သည့် သုံးစွဲသူ ID နံပတ်နှင့် PDF ရဲဘော်၏ အကောင့် ID နံပတ် တူညီနေသည်ကို တွေ့မြင်ရပါသည်။)
စစ်ကောင်စီဝါဒဖြန့် ချန်နယ်များက ဖော်ပြသည့် ရုပ်သံကို PDF ရဲဘော်၏ အကောင့်တွင် ရှာမတွေ့ခဲ့သော်လည်း ရုပ်သံကို ထပ်မံစစ်ဆေးကြည့်ရာမှာ အဆိုပါရုပ်သံသည် မကွေးတိုင်း ဆောမြို့နယ်တွင်းရှိ အကြမ်းဖက်သမားများ (တော်လှန်ရေးရဲဘော်များ) လက်လုပ်ဗုံးထုတ်လုပ်နေကြောင်း စာသားနဲ့ ဖော်ပြထားတဲ့ စစ်ကောင်စီ ထောက်ခံတဲ့ Htein Lin အမည်ရ YouTube ချန်နယ်မှာ ဧပြီလ ၂၉ ရက်နေ့က တင်ခဲ့တာကို တွေ့မြင်ရပါတယ်။
Htein LIn ယူကျု ချန်နယ်ဖော်ပြချက်ကို ကြည့်ရှုရန် – https://tinyurl.com/4vcdhcem
ဒါ့ပြင် အဆိုပါ ရုပ်သံကိုပဲ Chindwin News Agency က မေလ ၁ ရက်နေ့မှာ မကွေးတိုင်း၊ ဆောမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရရာနည်းလမ်းနဲ့ လက်နက်ထုတ်လုပ်နေကြောင်း ဖော်ပြထားတာ ကိုလည်း ထပ်မံတွေ့ရှိရပါတယ်။ ဒါကြောင့် ရုပ်သံမူရင်းပိုင်ရှင်ဖြစ်သူ ပခုက္ကူခရိုင်က ရဲဘော်ကိုလည်း ဆောမြို့နယ်နဲ့ ဆက်စပ်မှု ရှိမရှိ ဆက်လက်စိစစ်ကြည့်ရာမှာ ဆောမြို့ ဆိုင်းဘုတ်နဲ့အတူ ဓာတ်ပုံရိုက်ထားတဲ့ ရုပ်သံတစ်ခုလည်း တင်ထားတာကြောင့် ပခုက္ကူခရိုင်တွင်းက ရဲဘော်ဖြစ်ပေမဲ့ မကွေးတိုင်းတွင်း ချင်းဖြစ်တဲ့ ဆောမြို့နယ်နဲ့လည်း ဆက်စပ်နေတဲ့ ရဲဘော်ဖြစ်တာကြောင့် ရုပ်သံကို တင်ခဲ့တာ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချ နိုင်ပါတယ်။
Chindwin News Agency ရဲ့ ဖော်ပြချက်ကို ကြည့်ရှုရန် – https://tinyurl.com/d3fzevn4
ဆောမြို့ ဆိုင်းဘုတ်နဲ့ ရိုက်ထားတဲ့ ရဲဘော်ရုပ်သံ – https://tinyurl.com/mrxkmxyw
အထက်ပါ စိစစ်တွေ့ရှိချက်တွေကြောင့် စစ်ကောင်စီလော်ဘီချန်နယ်တွေ ဖြန့်ဝေနေတဲ့ ရုပ်သံဟာ လက်ရှိ ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းကျေးရွာနဲ့ ဆက်စပ်နေခြင်းမရှိတာကို အတည်ပြုနိုင်သလို သူတို့တွေ ရေးသားဖော်ပြနေတဲ့ PDF တွေရဲ့ လက်လုပ်ဗုံးတွေကြောင့် ထိခိုက်သေဆုံးမှုဖြစ်ရတယ်ဆိုတာဟာ သတင်းအမှားတွေသာ ဖြစ်တယ်လို့ အတည်ပြုနိုင်ပါတယ်။
ဒါ့ပြင် စစ်ကောင်စီလော်ဘီတွေက လေကြောင်းတိုက်ခိုက်မှု ပြုလပ်ခြင်း မရှိဘူးဆိုတဲ့ အချက်ကိုလည်း ထပ်မံ အတည်ပြုနိုင်ဖို့ စစ်ကောင်စီလေယာဉ်ပျံသန်းမှုတွေကို ဖော်ပြနေတဲ့ တယ်လီချန်နယ်တွေကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ထိုသို့စစ်ဆေးကြည့်ရှုခဲ့ရာမှာလည်း စစ်ကောင်စီဟာ လေကြောင်းကနေ တဆင့် အိုးထိန်းတွင်းရွာကို ဒီကနေ့ မနက် ၉ နာရီ ၃၇ မိနစ်ဝန်းကျင်မှာ ရှမ်းတဲလေတပ်ကနေ တက်တဲ့ ဂျက်ဖိုက်တာက ဗုံးကြဲတိုက်ခိုက်ကြောင်း ဖော်ပြထားတာကို တွေ့မြင်ရပါတယ်။
Wai Hin တယ်လီချန်နယ် ဖော်ပြချက်ကို ကြည့်ရန် – https://tinyurl.com/4v6r2s5t
အခြားသော လေကြောင်းပျံသန်းမှု ခြေရာခံချန်နယ်တစ်ခုဖြစ်တဲ့ Enemy Air Route ချန်နယ်ကလည်း ရှမ်းတဲလေတပ်ကနေ Mi-G29 ဖိုက်တာဂျက်တစ်စင်း ၉ နာရီ ၁၉ မိနစ်မှာ အနောက်မြောက်ဘက်ကို ဦးတည်ပြီး ပျံသန်းသွားကြောင်း ဖော်ပြထားပါတယ်။ ဒါကြောင့် ရှမ်းတဲလေတပ်နဲ့ အိုးထိမ်းကွင်းရွာ တည်နေရာကို ဂူဂဲလ်မြေပုံမှာ စစ်ဆေးကြည့်ရာမှာ ရှမ်းတဲလေတပ်ရဲ့ အနောက်မြောက် ခပ်ယွန်းယွန်းမှာ အိုးထိန်းတွင်းရွာ တည်ရှိနေတာကြောင့် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ပိုမိုခိုင်လုံခဲ့ပါတယ်။
Enemy Air Route ချန်နယ် ဖော်ပြချက်ကို ကြည့်ရှုရန် – https://tinyurl.com/4rzhh5cs
ရှမ်းတဲလေတပ်နဲ့ အိုးထိန်းတွင်းရွာ တည်နေပုံကို ကြည့်ရှုရန် – https://tinyurl.com/42f2xx5z
အိုးထိမ်းကွင်းရွာစာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သော ဂျက်ဖိုက်တာ လေယာဉ်သည် မိတ္တီလာမြို့ရှိ ရှမ်းတဲလေတပ်ကို ၁၀ နာရီ ၁၁ မိနစ်တွင် ပြန်လည်ဆင်းသက်ခဲ့ကြောင်းကိုလည်း အခြားသော စစ်ကောင်စီလေကြောင်းပျံသန်းမှု စောင့်ကြည့်သည့် တယ်လီချန်တယ် တစ်ခုဖြစ်သော NAS- လေကြောင်းရန် ချန်နယ်ကလည်း အတည်ပြုဖော်ပြထားသည်ကိုလည်း ထပ်မံစိစစ်တွေ့ရှိရပါသည်။
NAS- လေကြောင်းရန် ချန်နယ်ဖော်ပြမှုကို ကြည့်ရှုရန် – https://tinyurl.com/5f2y9fcx
အထက်ဖော်ပြပါ စိစစ်ချက်တွေအရ ဒီပဲယင်းမြို့နယ်ရှိ အိုးထိမ်းကွင်းရွာကို စစ်ကောင်စီက ဒီကနေ့ နံနက် ၉ နာရီ ၃၇ မိနစ်ဝန်းကျင်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းကို အတည်ပြုနိုင်ခဲ့ပြီး စစ်ကောင်စီ လော်ဘီချန်နယ်များက ဖော်ပြနေသည့် အိုးထိမ်းကွင်းရွာ စာသင်ကျောင်းတွင် PDF များ၏ လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်စဉ်ဆိုသည့်အချက်သည် သတင်းအမှားသာ ဖြစ်ကြောင်းကိုလည်း တွေ့ရှိရပါသည်။
အခုလိုမျိုး ပြည်သူတွေအကြား လုပ်ကြံဖန်တီးထားတဲ့ သတင်းမှား ပျံ့နှံ့နေတာတွေ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသင့်တဲ့အတွက် CJ Platform ရဲ့ “အလွယ်မယုံနဲ့” ကဏ္ဍကနေ စိစစ်ဖော်ပြလိုက်ရပါတယ်။
ပြည်သူတွေအနေနဲ့ မှန်လား/မှားလားဆိုပြီး ဇဝေဇဝါ ဖြစ်နေတဲ့ သတင်းမျိူးတွေ တွေ့ခဲ့ရင်လည်း CJ Platform Facebook Page မှာ လာရောက် မေးမြန်းထားလို့ ရပါတယ်။
အလွယ်မယုံလိုက်ကြနဲ့နော်။