ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ မင်းအောင်လှိုင်က နေရပ်စွန့်ခွာ ပြည်သူတွေကို ထောက်ပံ့ငွေပေးမယ်လို့ဆို

Author CJ Platform
Categories
Published on Feb 12, 2025

မြန်မာနိုင်ငံအနှံ့ အရပ်သားနေထိုင်ရာကျေးရွာတွေကို ဦးတည်ကာ ဗုံးကြဲတိုက်ခိုက်တာ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာတွေကို လုပ်ဆောင်ခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေရပ်စွန့်ခွာရတဲ့ ပြည်သူတွေကို တစ်ဦးလျှင် နှစ်သောင်းကျပ် ထောက်ပံ့သွားမယ်လို့ ဒီကနေ့ထုတ် သူတို့ရဲ့ ဝါဒဖြန့်ချိရေး သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

 

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာရတဲ့ ပြည်သူတစ်ဦးကို တစ်လလျှင် နှစ်သောင်းကျပ်နှုန်းနဲ့ ဒီဇင်ဘာလထိ လစဉ်ထောက်ပံ့သွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုပါတယ်။

 

နေရပ်စွန့်ခွာ ပြည်သူတွေအတွက် ထောက်ပံ့မှုကို စစ်ကောင်စီလက်အောက်ခံ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေကနေတဆင့် ထောက်ပံ့သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

“သူတို့ထောက်ပံ့မယ်ဆိုတာ ပျူတွေကို ထောက်ပံ့မှာ၊ သူတို့တပည့်ပျူတွေ ငတ်ပြတ်နေလို့ သစ်ခေါက်ပါ ပြုတ်စားနေရပြီ၊ အဲဒါကို ပြည်သူတွေကို သူတို့ ခေါင်းစဉ်တပ်တာ”လို့ အညာဒေသမှာရှိတဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

 

နေရပ်စွန့်ခွာရတဲ့ စစ်ဘေးရှောင် အရေအတွက်ဟာ ၃ဒသမ၅ မီလီယံထိ ရှိနေပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။