တမူးမှာ သန်းခေါင်စာရင်းကိုင်ပြီး တစ်အိမ်တက်ဆင်း စစ်မှုထမ်းဖို့ စစ်ကောင်စီတပ်နဲ့ လဝကပေါင်းပြီး လူလိုက်စုနေ

Author ဆလိုင်း
Categories
Published on Dec 12, 2024

စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ပြီးခဲ့တဲ့အောက်တိုဘာလထဲ ကောက်ခံခဲ့တဲ့ သန်းခေါင်စာရင်းနဲ့အတူ စစ်ကောင်စီတပ်နဲ့ လဝကပူးပေါင်းပြီး နိုဝင်ဘာလကနေ ဒီကနေ့အထိ တစ်အိမ်တက်ဆင်း စစ်မှုထမ်းဖို့ လူလိုက်စုနေတယ်လို့ ဒေသခံတွေက CJ Platform ကို ပြောပါတယ်။

 

လာမယ့် စစ်မှုထမ်းအပတ်စဥ်(၈)အတွက် လူငယ်တွေကို အခုကတည်းကနေ ကြိုတင်စုဆောင်းနေတာဖြစ်တယ်လို့ အသက် ၄၀ နှစ်အရွယ် တမူးမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“အရင် သန်းခေါင်စာရင်းကောက်တုန်းက တမူးမှာ လူဦးရေစာရင်း သေချာကောက်ယူနိုင်ခဲ့တယ်။ အခုအခါ အဲဒီစာရင်းနဲ့ စစ်သားတွေ၊ လဝကအဖွဲ့တွေက စာရင်းအတိအကျနဲ့ စုဆောင်းနေတာဖြစ်တယ်” လို့ သူက ပြောပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း တမူးမြို့မှာ စစ်မှုထမ်းဖို့ လူငယ် ၁၀၀ နီးပါး ဖမ်းဆီးခံရပြီး တချို့ကို နိုဝင်ဘာလ ၂၂ ရက်နေ့က ရဟတ်ယာဥ်နဲ့ စစ်သင်တန်းတက်ရောက်ဖို့ ခေါ်ဆောင်သွားတယ်လို့ ဒီအကြောင်းသိရှိထားသူ တမူးမြို့ခံတစ်ဦးက ပြောပါတယ်။

 

ဒါကြောင့် တမူးမြို့က လူငယ်အများစုဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ဒီလို စစ်ကောင်စီတပ်နဲ့အပေါင်းအပါတွေရဲ့ စစ်မှုထမ်းစာရင်းကောက်ခံမှုကြောင့် အဲဒီမှာစစ်ဘေးရှောင်နေသူတွေလည်း သူတို့ရဲ့သားသမီးတွေအတွက် စိုးရိမ်နေကြတယ်လို့ တမူးမြို့အနီးကျေးရွာတစ်ခုကနေ စစ်ဘေးရှောင်လာသူ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ကျွန်မတို့ ငှားနေတဲ့အိမ်က အိမ်ရှင်တွေ မရှိတော့ သူတို့ကို ပြန်ခေါ်ခိုင်းတယ်။ အိမ်ရှင်တွေမရှိရင် သူတို့အစား လူထည့်ပေးရမယ်လို့ ပြောပါတယ်။ အခုနောက်ပိုင်း အခြေအနေတွေ ပိုဆိုးလာတယ်” လို့ သူမက ပြောပါတယ်။

 

စစ်မှုထမ်းစာရင်းစုဆောင်းရာမှာ စစ်ကောင်စီတပ်က လူငယ်တွေကို အခြေခံစစ်သင်တန်းပြီးမြောက်ပါက ရှေ့တန်းမသွားရဘဲ မိမိကျေးရွာ၊ မြို့နယ်တွေမှာ ပြန်လည်တာဝန်ချပေးသွားမယ်ဆိုတဲ့ နည်းလမ်းဟောင်းနဲ့ စည်းရုံးပြောဆိုနေတယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။

 

တမူးမြို့ဟာ စစ်ကောင်စီတပ်နဲ့ သူတို့လက်အောက်ခံ ရှမ်းနီတပ်၊ ကသည်း၊ နာဂ၊ ပျူစောထီး စတဲ့ လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့မြို့ဖြစ်တဲ့အတွက် အောက်တိုဘာလ ၁ ရက်ကနေ ၁၅ ရက်အတွင်း သန်းခေါင်စာရင်းအပြီးကောက်ခံနိုင်ခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – တမူးမြို့တွင်း တစ်နေရာကို တွေ့မြင်ရစဥ်(ပုံဟောင်း)