သမ္မတရွေးကောက်ပွဲမှာ ထရမ့် အနိုင်ရပြီး ကတည်းက အီလွန်မက်ခ်ရဲ့ Tesla ရှယ်ယာဈေးတွေ တရိပ်ရိပ်မြင့်တက်နေ

Author CJ Platform
Categories
Published on Dec 12, 2024

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ အီလွန်မက်ခ်ရဲ့ လျှပ်စစ်ကားကုမ္ပဏီ တက်စ်လာ (Tesla) ရဲ့ ရှယ်ယာဈေးတွေဟာ ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ ဈေးကွက်ပိတ်ချိန်မှာ စံချိန်တင် အမြင့်ဆုံးကို ရောက်ရှိခဲ့တယ်လို့ ငွေကြေးဈေးကွက်အချက်အလက်‌တွေအရ သိရပါတယ်။

အခုလို စံချိန်တင်ရှယ်ယာဈေးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ပွဲ အလွန်ကာလမှာ ဈေးကွက်မြင့်တက်လာတာနဲ့ Tesla အပေါ် ရှယ်ယာဈေးကွက်မှာ စိတ်ဝင်စားမှု မြင့်တက်လာတာတွေကြောင့် ဖြစ်ပါတယ်။

 

ယမန်နေ့တုန်းက Tesla နဲ့ ရှယ်ယာဈေးဟာ အမေရိကန်ဒေါ်လာ ၄၂၄ ဒသမ ၇၇ အထိရောက်ရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၁  နိုဝင်ဘာ ၄ ရက်နေ့က အမြင့်ဆုံးဈေး ၄၀၉ ဒသမ ၉၇ ဒေါ်လာထက် ၁၅ ဒေါ်လာနီးပါး ပိုပြီး မြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။

Tesla ရဲ့ ဈေးကွက်တန်ဖိုးဟာ ဒီနှစ် ၂၀၂၄ ထဲမှာ ၇၁ ရာခိုင်နှုန်းတက်လာတာဖြစ်ပြီး တန်ဖိုးမြင့်တက်လာမှု အများစုဟာ အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီက ဒေါ်နယ်ထရမ့် အနိုင်ရပြီးနောက် တက်လာတာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာပဲ ရှယ်ယာဈေးနှုန်း ၃၈ ရာခိုင်နှုန်း တက်လာတာကြောင့် ဒါဟာ ၂၀၂၃ ဇန်နဝါရီနောက်ပိုင်း အကောင်းဆုံး လစဉ်စွမ်းဆောင်ရည်ဖြစ်ပြီး မှတ်တမ်းတွေအရ ဆယ်ကြိမ်မြောက် အကောင်းဆုံးရလဒ်လည်း ဖြစ်ပါတယ်။

 

အီလွန်မက်ခ်ဟာ ထရမ့်ရဲ့ မဲဆွယ်စည်းရုံးမှုအတွက် အမေရိကန်ဒေါ်လာ သန်း ၂၇၀ ကျော် ထည့်ဝင်ခဲ့တယ်လို့ ဖက်ဒရယ်ရွေးကောက်ပွဲ ကော်မရှင်ရဲ့ မှတ်တမ်းတွေအရ သိရပြီး သူ့ရဲ့ လူမှုကွန်ရက် X ကနေလည်း ထရမ့်ကို တောက်လျှောက်အားပေးထောက်ခံခဲ့ပါတယ်။

 

လက်ရှိမှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ အီလွန်မက်ခ်ရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၃၇၂ ဘီလီယံကျော် ရှိတယ်လို့ Forbes မဂ္ဂဇင်းရဲ့ အဆိုအရသိရပါတယ်။

 

ဒါ့အပြင် မက်ခ်ဟာ ရီပတ်ဘလီကန်ရဲ့ အရင်က သမ္မတလောင်းဖြစ်ခဲ့ဖူးတဲ့ ဗီဗက်ရာမာဆွာဝီနဲ့အတူ ထရမ့်အစိုးရရဲ့ “အစိုးရထိရောက်မှု ဌာန” ကို ဦးဆောင်သွားမှာလည်း ဖြစ်ပါတယ်။

 

သူ့ရဲ့ ရာထူးသစ်ဟာ မက်ခ်ကို ဖက်ဒရယ်အေဂျင်စီတွေရဲ့ ဘတ်ဂျက်၊ ဝန်ထမ်းခန့်ထားမှုနဲ့ အဆင်မပြေတဲ့ စည်းမျဉ်းတွေကို ဖယ်ရှားဖို့ တွန်းအားပေးနိုင်တဲ့ အာဏာတွေကို ပေးအပ်ထားမှာလည်း ဖြစ်ပါတယ်။

 

ထရမ့်အနိုင်ရပြီးနောက်ပိုင်း မက်ခ်ဟာ ရွေးကောက်ခံသမ္မတနဲ့ အတူ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ အစည်းအဝေးတွေကိုပါ တက်ရောက်ခွင့်ရနေပြီး သူ ဖယ်ရှားချင်တဲ့ ဒါမှမဟုတ် လျှော့ချချင်တဲ့ ဖက်ဒရယ်အေဂျင်စီတွေ၊ စည်းမျဉ်းတွေ၊ ရန်ပုံငွေတွေနဲ့ ပတ်သက်တာတွေကိုလည်း လွှတ်တော် အမတ်တွေကို အကြံပေးနေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက Tesla ရဲ့ ဝင်ငွေကြေညာချက်မှာလည်း မက်ခ်ဟာ သူနဲ့ ထရမ့်တို့ရဲ့ ဩဇာလွှမ်းမိုးနိုင်စွမ်းကို အသုံးချပြီး “အလိုအလျောက်မောင်းနှင်နိုင်တဲ့ ယာဉ်တွေအတွက် ဖက်ဒရယ်အတည်ပြုချက် လုပ်ငန်းစဉ်” ကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ အလိုအလျောက်မောင်းနှင်နိုင်တဲ့ ကားတွေနဲ့ပတ်သက်တဲ့ အတည်ပြုချက်တွေကို ပြည်နယ်အဆင့်တွေမှာပဲ ရရှိနေပါသေးတယ်။

 

ငွေကြေးဈေးကွက် ကျွမ်းကျင်သူတွေကတော့ Tesla ရဲ့ ရှယ်ယာဈေးတွေ မြင့်တက်လာတာဟာ ထရမ့်ရဲ့ လွှမ်းမိုးမှုကြောင့်ဖြစ်ပြီး မက်ခ်က ထရမ့်ကို ထောက်ခံခဲ့တာကြောင့် Tesla လျှပ်စစ်ကား အားပေးသူအရေအတွက် နှစ်ဆတိုးစေခဲ့ပြီး ဝယ်လိုအားမြင့်တက်လာကြောင့် ဖြစ်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

 

Tesla ရဲ့ ရှယ်ယာဈေးစံချိန်တင်မြင့်တက်လာမှုဟာ နှစ်အစပိုင်းက အခြေအနေတွေနဲ့ နှိုင်းယှဉ်ရင် သိသာထင်ရှားတဲ့ ပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။

 

အခု ၂၀၂၄ ခုနှစ်ရဲ့ ပထမသုံးလပတ်မှာ Tesla ရဲ့ ရှယ်ယာဈေးဟာ ၂၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ဒါဟာ ၂၀၂၂ နှစ်ကုန်ပိုင်းကစလို့ အဆိုးဆုံး သုံးလပတ် ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၀ ခုနှစ်မှာ အများပိုင်ကုမ္ပဏီဖြစ်လာတဲ့ Tesla ကုမ္ပဏီရဲ့ တတိယ အဆိုးရွားဆုံး အခြေအနေလည်း ဖြစ်ပါတယ်။

 

ဒါပေမဲ့ ပြီးခဲ့တဲ့ အောက်တိုဘာမှာ ထုတ်ပြန်ခဲ့တဲ့ တတိယသုံးလပတ် အစီရင်ခံစာမှာတော့ Tesla ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ထက်စာရင် ဝင်ငွေ ရှစ်ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ဒါဟာ မျှော်မှန်း ပမာဏထက် နည်းပါးတဲ့ အခြေအနေဖြစ်ပါတယ်။

 

လက်ရှိမှာလည်း Tesla ကုမ္ပဏီဟာ မျှော်လင့်ထားတာထက် ပိုတဲ့ အမြတ်အစွန်းတွေကို ရရှိနေပြီး အီလွန်မက်ခ်ကတော့ လာမယ့် ၂၀၂၅ ခုနှစ်မှာ မော်တော်ယာဉ်ထုတ်လုပ်မှု ၂၀ ကနေ ၃၀ ရာခိုင်နှုန်းအထိ တိုးလာလိမ့်မယ်လို့ ပြောဆိုပါတယ်။

 

ဓာတ်ပုံ- Brandon Bell via Bell

 

ပုံစာ- ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်က ဗရောင်းဗီးလီမှာ မက်ခ်ရဲ့ SpaceX ဒုံးပျံ ခြောက်ကြိမ်မြောက် စမ်းသပ်ပစ်ခတ်တာကို အတူကြည့်ရှုနေကြတဲ့ ထရမ့်နဲ့ မက်ခ်

 

ကိုးကား- CNBC

 

Related News

Depend on news