စစ်အုပ်ချုပ်ရေးကြေညာအပြီး တောင်ကိုရီးယား သမ္မတ မိန့်ခွန်းထွက်ပြော အဆုံးထိတိုက်ပွဲဝင်သွားမယ်လို့ထည့်ပြော
ရုတ်တရက်စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်က သူ့ရဲ့ နိုင်ငံရေး အတိုက်အခံတွေဟာ နိုင်ငံတော်ကို ဆန့်ကျင်သူတွေဖြစ်တယ်လို့ ပြင်းပြင်းထန်ထန်ရှုတ်ချပြောဆိုလိုက်ပါတယ်။
ဒါကြောင့် အဆုံးထိတိုက်ပွဲဝင်သွားမယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာပဲ ရုပ်သံမိန်းခွန်းကနေတစ်ဆင့် ပြောကြားလိုက်ပါတယ်။ ဒါဟာ စစ်အုပ်ချုပ်ရေးကြေညာတယ်လို့ ပြောအပြီး ကိုးရက်အကြာမှာ လူရှေ့ပြန်ထွက်လာတာဖြစ်ပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားက ရွေးကောက်ပွဲအချက်အလက်တွေကိုရယူဖို့ ကြိုးပမ်းခဲ့တယ်လို့ ပြောသလို သက်တမ်းခဏပဲကြာလိုက်တဲ့ သူ့ရဲ့စစ်အုပ်ချုပ်ရေးအမိန့်ဟာလည်း ဒီမိုကရေစီကို ကာကွယ်ဖို့ တရားဝင်လုပ်ဆောင်ချက်တစ်ရပ်ဖြစ်တယ်လို့ ကာကွယ်ပြောဆိုပါသေးတယ်။
သမ္မတယွန်ရဲ့ ပါတီခေါင်းဆောင်က သမ္မတဟာ ရာထူးက နုတ်ထွက်မယ့် အရိပ်အယောင်မမြင်ရဘဲ သူ့ကို စွပ်စွဲပြစ်တင်ရမှာဖြစ်တယ်လို့ ပြောဆိုပြီးနောက်မှာပဲ သမ္မတရဲ့ ရုပ်သံမိန့်ခွန်း ထွက်ပေါ်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ ဒီဇင်ဘာ ၇ ရက်နေ့တုန်းက သမ္မတယွန်ကို ပထမအကြိမ် စွပ်စွဲပြစ်တင်ပြီး ရာထူးက ဖယ်ရှားဖို့ မဲခွဲခဲ့ပေမဲ့ အာဏာရပါတီအမတ်အများစုက မဲခွဲမှုကို သပိတ်မှောက်ခဲ့တာကြောင့် မဲခွဲမှု မအောင်မြင်ခဲ့ဘဲ လာမယ့် စနေနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ဒုတိယအကြိမ် ထပ်မံမဲခွဲဖို့ရှိနေပါတယ်။
သမ္မတယွန်ကတော့ “ကျွန်တော် အဆုံးထိ တိုက်ပွဲဝင်သွားမယ်” လို့ သူ့ရဲ့ ရှည်လျားတဲ့ ရုပ်သံမိန့်ခွန်း အဆုံးပိုင်းမှာ ပြောဆိုပါတယ်။
သမ္မတယွန်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့က မအောင်မြင်ခဲ့တဲ့ စစ်အုပ်ချုပ်ရေး ကြေညာခဲ့မှုနဲ့ ပတ်သက်ပြီး ပုန်ကန်မှုနဲ့ စုံစမ်းစစ်ဆေးခံနေရတာဖြစ်ပြီး ဒါဟာ ဆယ်စုနှစ်များစွာအတွင်း တောင်ကိုရီးယားရဲ့ အကြီးမားဆုံး နိုင်ငံရေးအကျပ်အတည်းဖြစ်စေခဲ့ပါတယ်။
အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာပြီး နာရီပိုင်းအတွင်းမှာပဲ လွှတ်တော်အမတ်တွေဟာ ရဲတွေရဲ့ ဝိုင်းရံထားမှုကို ရအောင်ဖောက်ထွက်ခဲ့သလို လွှတ်တော်အမတ်တွေက ခြံစည်းရိုးတွေကိုပါ ကျော်တက်ပြီး လွှတ်တော်ရအောင်ခေါ်ကာ စစ်အုပ်ချုပ်ရေးကို ဖျက်သိမ်းဖို့ မဲခွဲဆုံးဖြတ်နိုင်ခဲ့ကြတာပါ။
ဒီကနေ့မှာ ထုတ်လွှင့်ခဲ့တဲ့ သမ္မတရဲ့ မိန့်ခွန်းမှာ အရေးပေါ်အုပ်ချုပ်ရေး ကြေညာတုန်းက ပြောဆိုခဲ့တဲ့ အကြောင်းပြချက်နဲ့ ထပ်တူကျတဲ့ စကားမျိုးကိုသာ ထပ်ပြီးပြောဆိုခဲ့ပြီး နိုင်ငံတော်ရဲ့ လုပ်ငန်းဆောင်တာတွေကိုရပ်တန့်စေပြီး တရားဥပဒေ စိုးမိုးမှုကို ပျက်ပြားစေတဲ့ ရာဇဝတ်ဂိုဏ်းသားတွေ အစိုးရဖြစ်စေမယ့်ကိစ္စကို ဘယ်လိုပဲဖြစ်ဖြစ်တားဆီးရမှာဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။
ဒါ့အပြင် ယမန်နှစ်တုန်းက မြောက်ကိုရီးယားဘက်က အမျိုးသားရွေးကောက်ပွဲကော်မရှင်ရဲ့ စနစ်ထဲ ချိုးဖောက်ဝင်ရောက်ပြီး အချက်အလက်တွေရယူဖို့ လုပ်ဆောင်ခဲ့တာကြောင့် ရွေး/ကော်ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် လွတ်လပ်တဲ့ အဖွဲ့အစည်းက စနစ်ရဲ့လုံခြုံမှုကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပေမဲ့ ရွေး/ကော်ဘက်က စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်တာမျိုး မလုပ်ခဲ့ဘူးလို့လည်း ယွန်က ဆက်ပြောပါတယ်။
စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဖို့ ရွေး/ကော်ဘက်က ငြင်းဆိုခဲ့ခြင်းဟာ ဒီနှစ် ၂၀၂၄၊ ဧပြီလ ရွေးကောက်ပွဲရဲ့ သမာသမတ်ကျမှုကို မေးခွန်းထုတ်စရာဖြစ်လာပြီး စစ်အုပ်ချုပ်ရေး ကြေညာဖို့ ဦးတည်စေခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ယွန်ရဲ့ ပြည်သူ့အာဏာပါတီ(PPP)ဟာ ဧပြီရွေးကောက်ပွဲမှာ ကြီးမားတဲ့အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပြီး အဓိက အတိုက်အခံပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီက လွှတ်တော်ကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတကို ဖြုတ်ချဖို့ စွပ်စွဲပြစ်တင်မှု မဲခွဲဆုံးဖြတ်ရာမှာ PPP ပါတီရဲ့ အမတ်ရှစ်ဦးရဲ့ ထောက်ခံမဲရရှိမှသာ မဲခွဲမှု အောင်မြင်မှာလည်းဖြစ်ပါတယ်။
တောင်ကိုရီးယားလွှတ်တော်မှာ အမတ်နေရာ ၃၀၀ ရှိပြီး PPP ပါတီက ၁၀၈ နေရာ အနိုင်ရရှိထားပါတယ်။ သမ္မတဖြုတ်ချဖို့အတွက် လွှတ်တော်ရဲ့ ထောက်ခံမဲ သုံးပုံနှစ်ပုံ (၂၀၀) ရရှိမှသာ မဲခွဲမှု အောင်မြင်မှာလည်းဖြစ်ပါတယ်။
သမ္မတမိန့်ခွန်းထွက်ပေါ်မလာခင်မှာပဲ ယွန်ရဲ့ ပါတီ PPP ရဲ့ ပါတီခေါင်းဆောင် ဟန်ဒေါင်ဟွန်းဟာ သမ္မတကို အာဏာရုတ်သိမ်းရမှာဖြစ်ပြီး အဲဒီလိုလုပ်ဆောင်ဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ ပါတီဘက်က စွပ်စွဲပြစ်တင်မဲခွဲမှုကို ထောက်ခံဖို့ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဓာတ်ပုံ- REUTERS/Kim Hong-Ji
ပုံစာ- ဆိုးလ်မြို့က ဘူတာရုံတစ်ခုမှာ သမ္မတရဲ့ ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့ မနက်မှာ မိန့်ခွန်းပြောကြားတာကို ကြည့်နေကြတဲ့ ပြည်သူများ
ကိုးကား- Reuters