ခါးပတ်လုပွဲ ထိုးသတ်ပြီးတဲ့နောက် ကိုမာဝင်သွားတဲ့ ဖီဂျီလက်ဝှေ့သမား နှစ်ပတ်ကျော်အကြာမှာ သေဆုံး
ဖီဂျီနိုင်ငံ၊ နာဒီ မြို့မှာ ကျင်းပတဲ့ အာရှပစိဖိတ်ဒေသ စူပါဖယ်သာဝိတ်တန်း ခါးပတ်လုပွဲကို ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီးနောက် ဖီဂျီနိုင်ငံသား လက်ဝှေ့သမား ယူဘက်ဟေဒါ (Ubayd Haider) ဟာ နှစ်ပတ်ကျော်အကြာမှာ သေဆုံးသွားခဲ့တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
နေသန်ဆင်း (Nathan Singh) လို့လည်းခေါ်တဲ့ အသက် ၂၅ နှစ်အရွယ် ဟေဒါဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့က အပြည်ပြည်ဆိုင်ရာ လက်ဝှေ့အဖွဲ့အစည်း (IBO) က ဦးစီးကျင်းပတဲ့ ခါးပတ်လုပွဲမှာ ဩစတြေးလျအခြေစိုက် တရုတ်လက်ဝှေ့သမား ဇိန်းချီကျုံး (Runqi Zhou) နဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရတာပါ။
ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီးနောက် ဟေဒါဟာ သတိလစ်လဲကျသွားခဲ့ပြီး လော်တိုကာအက်စ်ပန် ဆေးရုံမှာ အရေးပေါ် ဦးနှောက်ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ အဲဒီနောက် သူဟာ ကိုမာဝင်ရောက်ပြီး သတိလစ် မေ့မျောခဲ့တယ်လို့ ဖီဂျီသတင်းဌာနတွေက ဖော်ပြပါတယ်။
သူ့ဇနီး ဟယ်လင်ဆင်း (Helen Singh) က နိုဝင်ဘာ ၁၁ ရက်နေ့မှာ သူ့ခင်ပွန်း ကွယ်လွန်သွားကြောင်း အတည်ပြုခဲ့ပါတယ်။ သူ (မ) က လူမှုကွန်ရက်မှာ သူ့ခင်ပွန်းအပေါ် ကျေးဇူးတင်စကားနဲ့ နှုတ်ဆက်ခဲ့ပြီး သူတို့သားလေးတွေကို မွေးဖွားပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်တယ်လို့ ရေးသားခဲ့ပါတယ်။
ဖီဂျီလက်ဝှေ့ကော်မရှင် ဥက္ကဋ္ဌ အဒီ ဆာရာယန် (Adi Sarayan) က ဟေဒါရဲ့ သေဆုံးမှုနဲ့ပတ်သက်လို့ အသေးစိတ်အကြောင်းရင်းကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
လက်ဝှေ့ပွဲ ရုပ်သံအရ ဇိန်းချီကျုံးက ဟေဒါကို ထိုးချက်တွေ အများအပြားနဲ့ တိုက်ခိုက်နေတာကို တွေ့မြင်ခဲ့ရပြီး ဟေဒါက ရှောင်တိမ်းနေပေမဲ့ ပြန်လည်တုံ့ပြန်နိုင်မှု သိပ်မရှိတာကို တွေ့မြင်ရပါတယ်။ ဟေဒါဟာ ဒူးထောက်ပြီး လဲကျသွားတဲ့ အခါမှာတော့ ဒိုင်လူကြီးက ပွဲကို ရပ်ပစ်ခဲ့ပြီးနောက် ပြန်ထလာပြီး သူ့ထောင့်ဆီကို ပြန်လျှောက်သွားတာကိုလည်း တွေ့မြင်ရပါတယ်။
ဟေဒါသေဆုံးမှုနဲ့ ပတ်သက်လို့ ဇိန်းချီကျုံးက Instagram မှာ ဂုဏ်ပြုနှုတ်ဆက်စကား ရေးသားခဲ့ပြီး သူ့မိသားစုနဲ့ ဖီဂျီပြည်သူတွေကို နှစ်သိမ့်စကား ပြောခဲ့ပါတယ်။
ဖီဂျီနိုင်ငံရဲ့ လူငယ်နဲ့ အားကစားရေးရာဝန်ကြီး ဂျီစီဆော်ကူရူ (Jese Saukuru) ကလည်း ဟေဒါကို ငြိမ်းချမ်းစွာ အနားယူပါလို့ ဆိုပြီး သူတို့အားလုံး အမြဲ အမှတ်ရနေမှာ ဖြစ်တယ်လို့ မျက်ရည်တွေနဲ့ နှုတ်ဆက်စကားကို ဒီကနေ့ နိုဝင်ဘာ ၁၂ ရက်နေ့မှာ ပြောခဲ့ပါတယ်။
ဓာတ်ပုံ – Ubayd Haider Facebook
ပုံစာ – ခါးပတ်လုပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီးနောက် သေဆုံးသွားတဲ့ ဟေဒါ
ကိုးကား- AP News, The Fiji Times