ပုလဲမြို့မှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၇ ဦးသေဆုံးပြီး ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာရှောင်တိမ်း
စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှာ ဒီကနေ့ နို၀င်ဘာ ၁၂ ရက် မနက်ပိုင်းအထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဆက်လက်ဖြစ်ပွားနေတယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။
ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက်၊ မနက် ၄ နာရီခွဲလောက်က ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)နဲ့ မဟာမိတ်တပ်တွေက ပုလဲမြို့က စစ်ကောင်စီတပ်စခန်းတွေကို စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ အဲဒီမှာ ပါဝင်တိုက်ခိုက်နေသူတွေဆီကနေ သိရပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်ဘက်က အဲဒီနေ့ နေ့လယ် ၁၂ နာရီခွဲအထိ ငါးကြိမ်ထက်မနည်း လေကြောင်းကနေ ဗုံးအလုံး ၃၀ လောက်ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံ ခုနစ်ဦးထက်မနည်းသေဆုံးခဲ့ရတယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ လူသားစာနာ တာ၀န်ခံက CJ Platform ကို ပြောပါတယ်။
မြေပြင်အခြေအနေမှာ ဒီထက်ပိုနိုင်သလို ထိခိုက်မှုသေဆုံးမှု အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲလို့ သိရပါတယ်။
ဒါ့အပြင် ဒီကနေ့ နို၀င်ဘာ ၁၂ ရက် မနက် ၈ နာရီ ၂၀ မိနစ်ခန့်က ပုလဲမြို့ပေါ် ရပ်ကွက်တွေနဲ့ မြို့ပတ်လည်ရှိ ကျေးရွာတွေကို ထပ်ပြီး လေကြောင်းဗုံးကြဲခဲ့သလို တိုက်ပွဲတွေလည်း ဆက်လက်ပြင်းထန်နေတယ်လို့ အထက်ပါတာ၀န်ရှိသူက ဆက်ပြောပါတယ်။
ဒီလိုဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူတချို့ သေဆုံးမှု ရှိပြီး ပုလဲမြို့ပေါ်အပါအ၀င် ကျေးရွာ ၁၂ ရွာက ဒေသခံတစ်သောင်းခန့် ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
အခုလို BNRA နဲ့ မဟာမိတ်တွေ ဘာကြောင့်၊ ဘယ်လိုတိုက်ပွဲစတင်လဲဆိုတာနဲ့ပတ်သက်ပြီး မသိရသေးဘဲ မြို့သိမ်းတိုက်ပွဲအခြေအနေတော့မဟုတ်သေးဘူးလို့ ပုလဲမြို့နယ်က NUG ဆိုင်ရာ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။
လက်ရှိတိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးဆောင်တိုက်ပွဲဖော်ဆောင်နေတဲ့ BNRA ဆီ CJ Platform က ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်မဖြေသေးပါဘူး။
ပုလဲနယ်က ကျေးရွာအများစုကို တော်လှန်ရေးတပ်တွေက စိုးမိုးထိန်းချုပ်ထားပေမဲ့ ပုလဲမြို့ပေါ်နဲ့ ပုလဲနယ်က ကန်းဒေါင့်ရဲစခန်း၊ ဇီးဖြူကုန်းပျူရွာ၊ အင်မထီးပျူရွာတွေကို စစ်ကောင်စီဘက်က ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံ ပြည်သူ့စစ်(ပျူစောထီး)တွေဟာ ပုလဲဒေသခံတွေအပေါ် သတ်ဖြတ်လုယက်တာနဲ့ မီးရှို့ဖျက်ဆီးတာတွေပြုလုပ်နေတာကြောင့် ဒေသခံ တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ တိုက်ပွဲတွေဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်