ရန်ကုန်က အထက်တန်းပြ ဆရာ/ဆရာမ ၇၀၀ ကျော်ကို စစ်ကောင်စီ ဥပဒေသင်တန်းပေးနေ

Author ကိုထက်
Categories
Published on Nov 12, 2024

ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာအထက်တန်းပြ ဆရာ/ဆရာမ အယောက် ၇၀၀ ကျော်ကို နိုဝင်ဘာလ ၈ ရက်နေ့ကစပြီး ဥပဒေပညာ ဆရာဖြစ်သင်တန်း စစ်ကောင်စီက ပေးနေတယ်လို့ ရန်ကုန်တိုင်းပညာရေးမှူးရုံးအသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် သဝဏ်လွှာမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က ‌အခြေခံပညာကျောင်းသားတွေကို ဥပဒေပညာသင်ပေးဖို့ လိုတယ်လို့ ‌ထည့်သွင်းပြောဆိုအပြီး အခုလို ဆရာ/ဆရာမတွေကို သင်တန်းပေးလာတာဖြစ်ပါတယ်။

 

“သင်တန်းကာလကတော့ ၁၀ ရက်ကြာမယ်လို့ သိရတယ်ဗျ။ တရားလွှတ်တော်ရှေ့နေတွေ၊ ရှေ့နေကြီးတွေနဲ့ ပေးနေတာ။ ရန်ကုန်တစ်တိုင်းလုံးက အထက်တန်းပြအကုန်လုံး မတက်မနေရပဲ” လို့ ရန်ကုန်တိုင်းပညာရေးမှူးရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

အခုသင်တန်းပေးရာမှာ ရန်ကုန်တိုင်းတစ်တိုင်းလုံးက Grade-11 နဲ့ Grade-12 ပြ ဆရာ/ဆရာမ အယောက် ၇၀၀ ကျော်ကို သက်ဆိုင်ရာပညာရေးမှူးရုံးစုရပ်နေရာ လေးခုခွဲပြီး သင်တန်းပေးနေတာလို့ သူက ဆက်ပြောပါတယ်။

 

အခုလက်ရှိမှာ ဆရာ/ဆရာမတွေဟာ သင်ရိုးသစ်မွမ်းမံသင်တန်းတွေ၊ တခြားစစ်ကောင်စီဘက်က တက်ရောက်ခိုင်းတဲ့သင်တန်းတွေကို ရက်ရှည်ကျောင်းပိတ်ရက်တွေမှာလည်း တက်ရောက်နေကြရတာပါ။

 

“ ၈ ရက်နေ့က ဆရာမတို့ စတက်ရတယ်လေ။ အချိန်က နှစ်နာရီလောက်ကြာတယ်။ ရှေ့နေတွေကပြောပြတာ ဘယ်လိုဘယ်ဝါဆိုတာကို။ အတန်းချိန်တွေဖျက်ပြီး သွားတက်ရတာ၊ ကလေးတွေစာမေးပွဲနီးမနေလို့ တော်သေးတယ်။ စာသင်ချိန်တွေလွတ်ရင် စာတွေကမပြီးဘူးလေ။ သန်ခေါင်းစာရင်းတုန်းကလည်း အဲဒီလိုတွေ တက်ရတယ်” လို့ အ.ထ.က ၅ လှိုင်သာယာမှာ Grade-11 သင်ကြားနေတဲ့ ဆရာမတစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီဟာ ကိုယ်တိုင် ဥပဒေမလိုက်နာပေမဲ့ ကလေးငယ်တွေကို ဥပဒေပညာသင်ပေးဖို့လုပ်တာဟာ ဝါဒဖြန့်ဖို့ ကြိုးပမ်းတာဖြစ်နိုင်တယ်လို့ လှိုင်သာယာမြို့နယ်က အထက်တန်းကျောင်းသားတစ်ဦးရဲ့ မိဘဖြစ်သူက မှတ်ချက်ပြုပြောပါတယ်။

 

ရန်ကုန်တိုင်းအတွင်းက Non-CDM အခြေခံပညာဆရာ/ဆရာမတွေဟာ စစ်ကောင်စီတက်ရောက်ခိုင်းတဲ့ သင်တန်းတိုင်းကို မတက်မနေရကို တက်နေကြရတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီရဲ့ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းက သန်းခေါင်စာရင်းကောက်ယူရေးမှာလည်း သင်တန်းတွေတက်ရောက်ခဲ့ရပြီး သန်းခေါင်စာရင်းကောက်ပေးခဲ့ကြရပါတယ်။

 

ဓာတ်ပုံ – ရန်ကုန်တိုင်းပညာရေးမှူးရုံး

 

ပုံစာ – သင်ရိုးသစ်သင်တန်းတက်ရောက်နေကြတဲ့ ဆရာ/ဆရာမများကို တွေ့ရစဉ်(ပုံဟောင်း)