အမ်းမှာ စစ်ကောင်စီ ရဟတ်ယာဥ်လေးစင်းကို ပစ်ခတ်မှု တစ်စင်းထိမှန်တယ်လို့ ဦးခိုင်သုခ အတည်ပြု

Author သုတ
Categories
Published on Nov 12, 2024

ရခိုင်ပြည်၊ အမ်းမြို့သိမ်းတိုက်ပွဲအတွင်း နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲမှာ စစ်ကောင်စီရဲ့ရဟတ်ယာဉ်လေးစင်းကို ပစ်ချမှုမှာ တစ်စင်းထိမှန်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက CJ Platform ကို အတည်ပြုပြောဆိုပါတယ်။

 

အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် လူနာတွေ၊ လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ စစ်အင်အားတွေ လာပို့တဲ့ ရဟတ်ယာဉ် လေးစင်းကို AA က ပစ်ခတ်ခဲ့ရာမှာ တစ်စင်းကို ထိမှန်ခဲ့တာလို့ သူက ပြောပါတယ်။

 

“ကျွန်တော်တို့ဘက်က လေးစင်းစလုံးကို လိုက်ပစ်တာတစ်စင်းက အမြီးပိုင်းကိုထိသွားပါတယ်။ ဒါပေမဲ့ အဲဒီထိသွားတဲ့ ရဟတ်ယာဉ်ဟာ အဲဒီနေရာမှာ ထိုးကျပျက်စီးသွားတာမျိုးမဟုတ်ဘဲ သူတို့ အကြမ်းဖက် စစ်ကောင်စီထိန်းချုပ်ထားတဲ့ နေရာအထိရောက်အောင် သူတို့ကြိုးစားထိန်းမောင်းပြီးမှ သတ်မှတ်နေရာကိုမရောက်ဘဲ အဆင်ပြေတဲ့တစ်နေရာမှာ ဆင်းသက်သွားတယ်လို့ ကျွန်တော်တို့ သိရပါတယ်” လို့ ဦးခိုင်သုခက ပြောပါတယ်။

 

အဲဒီရဟတ်ယာဉ်ဟာ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ကျောက်ဆုံရွာအနီးကို ဆင်းသွားခဲ့တဲ့အကြောင်း စုံစမ်းသိရှိခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

 

ရမ်းဗြဲနဲ့ မြေပုံမြို့သိမ်းတိုက်ပွဲတွေအတွင်းမှာလည်း လေကြောင်းအဓိကအသုံးပြုတိုက်ခိုက်တဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တွေကို AA က ထိမှန်အောင်ပစ်ခတ်နိုင်ခဲ့သေးတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

 

AA နဲ့နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ရမ်းဗြဲတိုက်ပွဲတွေအတွင်းမှာလည်း AA က ထိအောင်၊ ပြန်သုံးလို့မရအောင် ပစ်နိုင်ခဲ့တာ နှစ်စင်းလောက်ရှိခဲ့တယ်။ ရမ်းဗြဲမှာတုန်းကလည်း လေကြောင်းအဓိကသုံးပြီး မြို့ကို သူတို့ဖျက်ဆီးခဲ့တာ။ မြေပုံတိုက်ပွဲမှာလည်း တစ်စင်းပစ်နိုင်ခဲ့တယ်လို့ ကျွန်တော်တို့ သိရတယ်။ ပျက်ကျသွားတဲ့အထိပဲ မဟုတ်ခဲ့တာ” လို့ ပြောပါတယ်။

 

အာရက္ခတပ်တော်အနေနဲ့ ဒီနှစ် ၂၀၂၄၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ရခိုင်တိုက်ပွဲတစ်ခုအတွင်း  ပစ်ချနိုင်ခဲ့တဲ့ ရဟတ်ယာဉ်အပျက်အစီးပုံတွေကိုထုတ်ပြန်ခဲ့ပါသေးတယ်။

 

ဓာတ်ပုံ- ULA/AA

 

ပုံစာ – ဖေဖော်ဝါရီလအတွင်း AA ပစ်ချလိုက်တဲ့ Mi-17ရဟတ်ယာဉ် တစ်စင်းကို တွေ့ရစဉ်