အင်္ဂါနံနက်အတွက် CJ Platform ရဲ့ အားကစားသတင်းတိုများ စုစည်းမှု

Author CJ Platform
Categories
Published on Nov 12, 2024

နစ္စတယ်ရွိုင်းကို တာဝန်မှ ရပ်စဲလိုက်တဲ့ မန်ယူ

 

မန်ယူအသင်းဟာ ယာယီနည်းပြအဖြစ် တာဝန်ယူထားတဲ့ နစ္စတယ်ရွိုင်းကို တာဝန်ကနေ ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ ပေါ်တူဂီလူမျိုးနည်းပြ အမော်ရင်ဟာ ဒီနေ့မှာ တရားဝင်နည်းပြ ဖြစ်လာပြီးနောက်မှာတော့ နစ္စတယ်ရွိုင်းကို သူ့ရဲ့နည်းပြအဖွဲ့ထဲ မခေါ်ထားဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါကြောင့် နည်းပြဟောင်း အဲရစ်တန်ဟက်ရဲ့ လက်ထောက်ဖြစ်ခဲ့တဲ့ နစ္စတယ်ရွိုင်းဟာ အသင်းကနေ ထွက်ခွာရတော့မှာ ဖြစ်ပါတယ်။ တန်ဟက်အလွန်မှာ နစ္စတယ်ရွိုင်းဟာ မန်ယူအသင်းကို ယာယီနည်းပြအနေနဲ့ ပွဲစဉ် လေးပွဲ ပွဲတာဝန်ယူခဲ့ပြီး သုံးပွဲနိုင်၊ တစ်ပွဲသရေနဲ့ ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဇန်နဝါရီစျေးကွက်မှာ ခံစစ်ပိုင်း အားဖြည့်ရမယ့် ရီးရဲလ်မက်ဒရစ်

 

ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်ဇန်နဝါရီစျေးကွက်မှာတော့ ခံစစ်ပိုင်းကို မဖြစ်မနေ အားဖြည့်သွားရဖို့ ရှိနေပါတယ်။ ရီးရဲလ်ဟာ ပြီးခဲ့တဲ့စနေညက အိုဆာဆူနာကို လေးဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အဓိက ကစားသမားတွေဖြစ်တဲ့ ရိုဒရီဂို၊ မီလီတာအိုနဲ့ လူးကပ်စ် ဗတ်ကွက်တို့ဟာ ပထမပိုင်းပွဲချိန်ကတည်းက ဒဏ်ရာရသွားခဲ့တာပါ။ မီလီတာအိုဟာ ဒူးအရွတ် စုတ်ပြဲဒဏ်ရာရရှိသွားတာဖြစ်လို့ တစ်ရာသီလုံးနီးပါး အနားယူရဖို့ ရှိနေပြီး ချူအာမန်နီ၊ ကာဗာဂျယ်၊ အလာဘာနဲ့ ကော်တွိုက်စ်တို့ကလည်း ဒဏ်ရာကနေ ပြန်မလာနိုင်သေးပါဘူး။ ရီးရဲလ်ဟာ ဇန်နဝါရီစျေးကွက်မှာတော့ အယ်လ်နာဆာအသင်းရဲ့ စပိန်နောက်ခံလူ လာပေါ်တေးကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးက ထွက်ခွာဖို့ စဉ်းစားနေတဲ့ အန်ကွန်ကူ

 

ချဲလ်ဆီးအသင်းရဲ့ ပြင်သစ်တိုက်စစ်သမား ခရစ္စတိုဖာ အန်ကွန်ကူကတော့ လာမယ့်အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ စဉ်းစားနေပြီဖြစ်ပါတယ်။ အန်ကွန်ကူဟာ ချဲလ်ဆီးနည်းပြသစ် အန်ဇို မာရက်စ်ကာရဲ့လက်ထက်မှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပါတယ်။ အန်ကွန်ကူဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဦးစားပေးပွဲထွက်ခွင့်မရဘဲ ကရာဘောင်ဖလားနဲ့ ယူရိုပါကွန်ဖရန့်လိဂ်မှာပဲ အဓိက ကစားနေရသူပါ။ ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ ပြီးချိန်မှာ ပွဲထွက်ကစားခွင့် တစ်ပွဲအပါအဝင် ၁၅၅ မိနစ်သာ ကစားထားရပြီး ပရီးမီးယားလိဂ်သွင်းဂိုး တစ်ဂိုးသွင်းယူထားနိုင်သလို ကရာဘောင်နဲ့ ကွန်ဖရန့်လိဂ်မှာလည်း ဟက်ထရစ် တစ်ကြိမ်အပါအဝင် သွင်းဂိုး ကိုးဂိုး ရယူပေးထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒီရာသီ ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၁၀ ဂိုးနဲ့ အသင်းအတွက် ဂိုးအများဆုံးသွင်းထားနိုင်သူဖြစ်ပေမဲ့ ပရီးမီးယားလိဂ်မှာ ပွဲကစားခွင့် နည်းပါးလွန်းတာကြောင့် အသင်းပြောင်းဖို့ ပြင်ဆင်နေတာပါ။ သူ့ကိုခေါ်ယူဖို့အတွက် မန်ယူအသင်းက စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ရာသီဝက်မတိုင်ခင်မှာ နည်းပြ နှစ်ယောက် ထုတ်ပယ်ခဲ့ပြီဖြစ်တဲ့ ရိုးမား

 

အီတလီစီးရီးအေကလပ် ရိုးမားအသင်ဟာ နည်းပြ အိုင်ဗန် ဂျူရစ်ကို ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။ အိုင်ဗန် ဂျူရစ်ဟာ ဒီရော့စီနေရာမှာ အစားဝင်လာခဲ့တာဖြစ်ပြီး ကိုင်တွယ်ချိန် နှစ်လဝန်းကျင်မှာ ၁၂ ပွဲသာ ကိုင်တွယ်ခဲ့ရပြီး အထုတ်ခံခဲ့ရတာပါ။ ဂျူရစ်လက်ထက်မှာ ရလဒ်တွေ ကောင်းမလာခဲ့ဘဲ နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ တစ်ပွဲနိုင်၊ တစ်ပွဲသရေနဲ့ သုံးပွဲအထိ ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းရဲ့ တာဝန်ရှိသူတွေက အပြောင်းအလဲလုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ရိုးမားဟာ အမှတ်ပေးဇယား အဆင့် ၁၂ အထိ ရောက်နေခဲ့ပြီး နည်းပြသစ်ရာထူးအတွက် ချဲလ်ဆီးနည်းပြဟောင်း ဖရန့်လမ်းပတ်နဲ့ အီတလီလက်ရွေးစင်နည်းပြဟောင်း မန်စီနီတို့က ရေပန်းစားနေပါတယ်။

ရိုဒရီရဲ့နေရာကို ဇူဘီမန်ဒီနဲ့ အစားထိုးမယ့် မန်စီးတီး

 

ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းကတော့ လာမယ့် ဇန်နဝါရီစျေးကွက်မှာ ကစားသမားခေါ်ယူမှု ပြုလုပ်သွားမှာဖြစ်ပြီး ရိုဒရီရဲ့နေရာအတွက် အစားထိုးနိုင်ဖို့ ပြင်ဆင်နေပါတယ်။ မန်စီးတီးအတွက် အားထားရတဲ့ ၂၀၂၄ ခုနှစ် ဘလွန်းဒီအော်ဆုရှင် ရိုဒရီဟာ လက်ရှိမှာတော့ ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတာပါ။ ရိုဒရီ မကစားနိုင်ချိန်မှာ မန်စီးတီးဟာ ရလဒ်တွေ ယိမ်းယိုင်နေခဲ့ပြီး အခုဆိုရင် ပြိုင်ပွဲစုံမှာ လေးပွဲဆက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် ရိုဒရီရဲ့နေရာအတွက် ဆိုစီဒက်အသင်းရဲ့ စပိန်ကွင်းလယ်လူ ဇူဘီမန်ဒီကို ခေါ်ယူဖို့ စောင့်ကြည့်နေတာပါ။ မန်စီးတီးဟာ ဇူဘီမန်ဒီအတွက် ပေါင်သန်း ၅၀ အသုံးပြုသွားမယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – Sky Sports