မယ်ဆိုင်မြစ်ကမ်းဘေးက ကျူးကျော်တွေ ဖယ်ရှားနိုင်ဖို့ ထိုင်း-မြန်မာ ဆွေးနွေးမယ်

Author အဂ္ဂ
Categories
Published on Oct 12, 2024

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် မယ်ဆိုင်ဒေသအတွင်း ရေကြီးရေလျှံမှုတွေကို ကာကွယ်တားဆီးနိုင်ဖို့ မယ်ဆိုင်မြစ်တလျှောက်ရှိ တရားမဝင်ကျူးကျော်အဆောက်အအုံတွေနဲ့ပတ်သက်ပြီး မြန်မာနဲ့ ဆွေးနွေးဖို့ လုပ်ဆောင်နေတယ်လို့ ဒုတိယဝန်ကြီးချုပ် ဖုမ်ထမ်ဝီချာရာချိုင်က ပြောပါတယ်။

 

ပြီးခဲ့တဲ့ ရက်တွေမှာ ချင်းရိုင်ခရိုင်တစ်ခုလုံး ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး ရေကျသွားတဲ့နောက်မှာလည်း ရွှံ့နွံတွေထူထပ်စွာကျန်ရှိနေခဲ့တာကြောင့် အခုလိုမျိုး အဆင့်မြင့်ဆွေးနွေးပွဲ လုပ်ဆောင်ဖို့ ဖြစ်လာတာလို့ ၎င်းက ပြောပါတယ်။

 

အဆိုပါဆွေးနွေးပွဲအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ထိုင်းတပ်မတော်တို့က မြန်မာနဲ့ ညှိနှိုင်းဆောင်ရွက်ပြီးပြီဖြစ်ပြီး လာမယ့်အင်္ဂါနေ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ထိုင်းကယ်ဆယ်ရေးစင်တာက မြန်မာစစ်ကောင်စီနဲ့ အသေးစိတ်ဆွေးနွေးသွားမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ မစ္စတာ ဖုမ်ထမ်က ပြောပါတယ်။

 

မယ်ဆိုင်မြစ်ကမ်းပါးနှစ်ဖက်က ကျူးကျော်အဆောက်အအုံတွေကို မြစ်ရေစီးကြောင်းကောင်းမွန်ဖို့ ဖယ်ရှားရမှာဖြစ်ပြီး လိုအပ်ရင် လက်ရှိကျူးကျော်နေထိုင်နေတဲ့ ဒေသခံတွေကိုပါ နေရာရွှေ့ပြောင်းပေးဖို့ စဉ်းစားနေပေမဲ့ တခြားနည်းလမ်းမရှိမှသာ နောက်ဆုံးအနေနဲ့ နေရာရွှေ့ပြောင်းရေးကို စဉ်းစားမှာဖြစ်ကြောင်းတို့ကို ဒုဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

 

လက်ရှိ ဂြိုဟ်တုဓာတ်ပုံတွေအရ မယ်ဆိုင်မြစ်အကျယ်ဟာ မီတာ ၂၀ လောက်သာ ရှိတော့တာကို တွေ့ရပြီး ရေသိုလှောင်နိုင်မှု တိုးမြှင့်ဖို့ မြစ်ကြောင်းတူးဖော်မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

 

မယ်ဆိုင်ချောင်း ရေကြီးရေလျှံမှုကြောင့် ထိုင်းဘက်က မယ်ဆိုင်မြို့မှာသာမက မြန်မာဘက်က တာချီလိတ်မြို့မှာလည်း ရေကြီးရေလျှံမှုတွေဖြစ်ပွားပြီး လူ ၁၄ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြသလို ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေလည်း အရှိန်တိုးမြှင့် လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – Thaiger

 

ကိုးကား – Thaiger