ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ (ဇန်နဝါရီ ၆ ရက်နေ့မှ  ၁၁ ရက်အထိ)

Published on Jan 12, 2025

ဒီတစ်ပတ် (ဇန်နဝါရီ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ) သမ္မတရာထူး တရားဝင် မရသေးပေမဲ့ ပွဲဆူစေတဲ့ မှတ်ချက်တွေ ထရမ့်ပေးနေတဲ့ သတင်းအပါအဝင် လော့အိန်ဂျလိစ် မီးအကြီးအကျယ်လောင်တဲ့ သတင်းတွေဟာ ကမ္ဘာ့ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် တိဗက်ငလျင်ကြောင့် လူ ၁၀၀ ကျော် သေဆုံးတဲ့ သတင်း၊ ရွေးကောက်ပွဲမှာ ဆက်ပြိုင်ရင် ထရမ့်ကို အနိုင်ရလောက်တယ်လို့ ဂျိုးဘိုင်ဒင်ပြောတဲ့သတင်းနဲ့ လက်ဘနွန်မှာ စစ်ဦးစီးချုပ်က သမ္မတ ဖြစ်လာတဲ့ သတင်းအကြောင်းအရာတွေဟာ ဒီတစ်ပတ်အတွင်းမှာ ဟော့ဖြစ်ခဲ့ပါတယ်။ ဒီသတင်းအကြောင်းအရာတွေကို အနှစ်ချုပ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

****************************************

 

“ပွဲဆူအောင်လုပ်နေတဲ့ ဒေါ်နယ်ထရမ့်”

 

အမေရိကန်ရဲ့ ရွေးကောက်ခံသမ္မတအဖြစ် ရှိနေပြီး သမ္မတရာထူးကို တရားဝင် မရသေးပေမဲ့ ဒေါ်နယ်ထရမ့်ဟာ ကမ္ဘာကြီးကို ပွဲဆူသွားစေမဲ့ မှတ်ချက်စကားတွေ ဆက်တိုက်ပြောဆိုနေပါတယ်။ ဒေါ်နယ်ထရမ့်ဟာ လာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုပြီး သူ့ရဲ့ ဒုတိယမြောက် အမေရိကန် သမ္မတရာထူးတာဝန်တွေကို ထမ်းဆောင်သွားမှာဖြစ်ပါတယ်။

 

ဒီတစ်ပတ်အတွင်း ထရမ့်အနေနဲ့ အရှေ့အလယ်ပိုင်းနဲ့ ပတ်သက်တဲ့ မှတ်ချက်တစ်ခုကို ပြောဆိုခဲ့ပြီး ဟားမက်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို ပြန်မလွှတ်ပေးရင် အရှေ့အလယ်ပိုင်းတစ်ခုလုံး ငရဲဖုံးလွှမ်းသွားမယ်လို့ မှတ်ချက်စကားပြောခဲ့ပါတယ်။ ဒီမှတ်ချက်ကြောင့် ထရမ့်ဟာ ဝေဖန်မှုတွေလည်း ခံခဲ့ရပါတယ်။ ဓားစားခံတွကို နောက်ဆုံး ပြန်လွှတ်ရမယ့်ရက်ဟာ သူ့သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုမယ့် ဇန်နဝါရီ ၂၀ ရက်နေ့ဖြစ်ပါတယ်။

 

ဒါ့အပြင် ဒေါ်နယ်ထရမ့်ဟာ နောက်ထပ်မှတ်ချက်စကားတွေထဲ နယ်မြေချဲ့ထွင်ရေး စကားတွေကိုလည်း ထူးထူးခြားခြားပြောခဲ့ပါတယ်။ သူဟာ ပနားမား တူးမြောင်းနဲ့ ဂရင်းလန်းကျွန်းကို ပိုင်ဆိုင်ချင်တဲ့အပြင် ကနေဒါနိုင်ငံကိုလည်း အမေရိကန်ပိုင်နက်ထဲ ထည့်သွင်းလိုက်ဖို့အထိ စဉ်းစားနေတာပါ။

****************************************

 

“လော့စ်အိန်ဂျလိစ် တောမီး”

 

လော့စ်အိန်ဂျလိစ် တောမီးအကြီးအကျယ် လောင်ကျွမ်းမှုဟာ ထိတ်လန့်စရာ သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် တောင်မီးကြောင့် အဆောက်အအုံပေါင်း ထောင်နဲ့ချီတဲ့အထိ ပျက်စီးခဲ့ရပြီလို့ နောက်ဆုံးရ နိုင်ငံသတင်းတွေမှာ ရေးသားဖော်ပြထားသလို လူသေဆုံးမှုဟာ အနည်းဆုံး ၁၀ ဦး အထိ ရှိလာပြီး သေဆုံးမှု မြင့်တက်လာနိုင်သေးတယ်လို့ အာဏာပိုင်တွေက အသိပေးထားပါတယ်။

 

မီးလောင်ကျွမ်းမှုထဲ သူဌေးရပ်ကွက်တွေ ပါဝင်နေတာကြောင့် ဆုံးရှုံးမှုတန်ဖိုးဟာ များပြားခဲ့ပါတယ်။ လက်ရှိမှာ ဧက ၃၀,၀၀၀ ကျော် မီးလောင်ကျွမ်းသွားပြီး မီးကို အခုထိ ငြှိမ်းသက်နေရဆဲဖြစ်ပါတယ်။ နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြချက်အရတော့ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ခန့်မှန်းခြေဟာ ၁၅၀ ဘီလီယံလောက်ထိ ရှိနေတယ်လို့ ဖော်ပြကြပါတယ်။

 

သူဌေးရပ်ကွက်ဖြစ်တာကြောင့် အဲဒီမှာ နေထိုင်တဲ့ အနုပညာရှင်တွေ၊ ဆယ်လီတွေရဲ့ အိမ်ကြီးအိမ်ကောင်းတွေလည်း မီးထဲပါသွားပါတယ်။ တချို့အနုပညာရှင်တွေဆိုရင် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ ခဏလေးအတွင်းမှာ အခုလို ဆုံးရှုံးလိုက်ရတာကြောင့် ငိုကြွေးနေကြတာတွေလည်း ရှိပါတယ်။ ထောင်နဲ့ချီတဲ့ နေအိမ်တွေအပြင် စီးပွားရေးလုပ်ငန်းအများအပြားလည်း မီးလောင်ကျွမ်း ပျက်စီးခဲ့ရပါတယ်။ အခုတော့ လူနှစ်သိန်းနီးပါးကို ဘေးလွှတ်ရာ ရွှေ့ပြောင်းနေကြဖို့ အာဏာပိုင်တွေက အသိပေးထားပါတယ်။

****************************************

 

“လူ ၁၀၀ ကျော်သေဆုံးခဲ့ရတဲ့ တိဘက်ငလျင်”

 

တိဘက်မှာ ငလျင်အကြီးအကျယ် လှုပ်ခတ်ခဲ့ပြီးနောက် လူပေါင်း ၁၂၆ ဦး သေဆုံးခဲ့ရပါတယ်။ ငလျင်ဟာ ၇ ဒသမ ၁ အဆင့်ရှိတဲ့ ပြင်းအားနဲ့ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုတွေနဲ့ ဒဏ်ရာရရှိသူတွေလည်း များပြားခဲ့ပါတယ်။ ငလျင်လှုပ်ခတ်ပြီးနောက် အာဏာပိုင်တွေဟာ ကယ်ဆယ်ရေးတွေလွှတ်ပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေခဲ့တာကြောင့် အပျက်အစီးတွေကြားကနေ လူပေါင်း ၄၀၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။

 

အခုတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားပြီး အသက်ရှင်သူတွေအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်တော့မှာဖြစ်တယ်လို့ အာဏာပိုင်တွေက အသိပေးထားပါတယ်။ ငလျင်ဟာ ဇန်နဝါရီ ၇ ရက်နေ့မှာ လှုပ်ခတ်ခဲ့ပြီး တင်ဂရီးခရိုင်ကို  ဗဟိုပြု လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာသတင်းတွေရဲ့ ဖော်ပြချက်အရ အိမ်ပေါင်း ၃,၆၀၀ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

 

အခုတော့ သေဆုံးသွားသူတွေအတွက် ဆုတောင်းမှုတွေပြုလုပ်နေကြသလို ပြည်ပရောက် တိဘက်ဗုဒ္ဓဘာသာခေါင်းဆောင် ဒလိုင်းလားမားက ဆုတောင်းစကားဆိုထားပြီး ဒဏ်ရာရရှိသူတွေလည်း အမြန်ဆုံး ပြန်လည် ကျန်းမာစေလိုကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြီး အသိပေးထားပါတယ်။

****************************************

 

“သူသာဆက်ပြိုင်ရင် ထရမ့်ကို နိုင်မှာ”

 

မကြာခင်မှာ သမ္မတ ရာထူးကို လွှဲပြောင်းပေးရတော့မယ့် လက်ရှိ သမ္မတ ဂျိုးဘိုင်ဒင်က ၂၀၂၄ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ သူသာ ဆက်ပြိုင်ခဲ့မယ်ဆိုရင် ထရမ့်ကို အသာစီး ရနိုင်မှာဖြစ်တယ်လို့ အသိပေးလိုက်ပါတယ်။

 

အမေရိကန် သတင်းဌာန USA Today နဲ့ အင်တာဗျူးမှာ အခုလို ဖြေကြားလိုက်တာဖြစ်ပြီး လတ်တလောမှာ ကျန်းမာရေး အခြေအနေပြန်လည် ကောင်းနေပြီဖြစ်ပေမဲ့ နောက် လေးနှစ်တာကာအတွက်တော့ ခန့်မှန်းလို့ မရဘူးလို့ သူက ဆိုပါတယ်။

 

၂၀၂၄ ခုနှစ် ဇွန်လအတွင်းက ပြုလုပ်ခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲအတွက် စကားစစ်ထိုးပွဲမှာ ဂျိုးဘိုင်ဒင်ဟာ သူ့ရဲ့ အသက်အရွယ်အပြင် ထရမ့်နဲ့ စကားစစ်ထိုးရတဲ့ အခြေအနေတွေမှာ တုံ့ပြန်နိုင်စွမ်း အားနည်းခဲ့တာကြောင့် ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။

 

အဲဒီနောက် ဒီမိုကရက်တစ်ပါတီဟာ ဘိုင်ဒင်အစား ဒုသမ္မတဟားရစ်ကို အစားထိုး ဗျူဟာပြောင်းပြီး ထရမ့်ကို ယှဉ်ပြိုင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၁ မှာ သမ္မတ ဂျိုးဘိုင်ဒင်အနေနဲ့ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မှုကနေ နုတ်ထွက်ခဲ့တာဟာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေတွေကြောင့်လို့ အဲဒီတုန်းက ထုတ်ပြန် အသိပေးခဲ့ကြပါတယ်။

 

လက်ရှိမှာတော့ ဂျိုးဘိုင်ဒင်ဟာ သမ္မတ ရာထူး မလွှဲခင်ကာလမှာ ထရမ့်ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့  ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်ဟောင်း လစ်ဇ်ချီနေးနဲ့ ကျန်းမာရေး အကြီးအကဲဟောင်း ဒေါက်တာ အန်တိုနီတို့ကို ကြိုတင်လွှတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ စဉ်းစားနေတယ်လို့လည်း အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

****************************************

 

“သမ္မတအသစ် ရပြီ”

 

လက်ဘနွန်နိုင်ငံဟာ ၂ နှစ်တာအတွင်း လစ်လပ်နေတဲ့ သမ္မတနေရာအတွက် ခေါင်းဆောင်သစ်ရှာဖွေရေး ခရီးစဉ်ဟာ အဆုံးသတ်ခဲ့ပါပြီ။  နိုင်ငံရေး အကျပ်အတည်းတွေအပြင် နိုင်ငံမှာ ခေါင်းဆောင်မရှိတဲ့ အခြေအနေကို ကျော်လွှန်နိုင်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့မှာပဲ လက်ဘနွန် စစ်ဦးစီးချုပ် ဂျိုးဇက်အာဝင်ကို သမ္မတအဖြစ် တင်မြှောက်လိုက်ပါတယ်။

 

အသက် ၆၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျိုးဇက်အာဝင်ကို အမေရိကန်၊ ပြင်သစ်တို့ ပါဝင်တဲ့ နိုင်ငံကြီးတချို့က ထောက်ခံမှုပေးခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ လွှတ်တော်တွင်း အမတ် ၁၂၈ ယောက်ထဲက ၉၉ ယောက်ရဲ့ ထောက်ခံမဲကို ရရှိပြီး သမ္မတ ရာထူးရရှိခဲ့တာပါ။

 

သမ္မတသစ်ကတော့ သူအတွက် ပထမဆုံး အဓိကလုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေထဲမှာ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပျက်စီးသွားတဲ့ လက်ဘနွန်တောင်းပိုင်းဒေသက အပျက်အစီးနေရာတွေကို ပြန်လည် ထူထောင်သွားမယ်လို့ အသိပေးထားပြီး ဒေသတွင်းမှာ လက်နက်ထိန်းချုပ်ရေး လုပ်ငန်းတွေကိုပါ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

 

ဂျိုးဇက်အာဝင်ရဲ့ စိတ်ကူးကို အကောင်အထည်ဖော်ဖို့ ပြန်လည်ထူထောင်ရေးတွေ ပြုလုပ်ရမှာ ငွေကြေးလိုအပ်ချက်အဖြစ် ခန့်မှန်းခြေ ၈.၅ ဘီလီယံလောက်အထိ ရှိနေတယ်လို့ဆိုပါတယ်။ အခုလို နိုင်ငံရေး အပြောင်းအလဲနဲ့ သမ္မတသစ် ခန့်အပ်မှုတွေကြောင့် လက်ဘနွန်နိုင်ငံဟာ နိုင်ငံကြီးတွေရဲ့ မျက်စိကျနေတာကို ခံနေရပါတယ်။