မြိုင်နဲ့ပေါက်ကို စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်၊ သေဆုံးသူရှိ

မကွေးတိုင်း ၊ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်ကို စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးယောက်သေဆုံးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ မြိုင်မြို့နယ် စက်မှု-၂ ကနေ ဖေဖော်ဝါရီလ ၃ ရက်မှာ စတင်ထွက်ခွာလာတဲ့ အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းဖြစ်ပြီး ပေါက်နယ်ရှိ ပျူစောထီးကျေးရွာဆီ စစ်ကြောင်းထိုး၀င်ရောက်ခဲ့ကာ ဖေဖော်ဝါရီလ ၉ ရက်နေ့က စစ်ကြောင်းပြန်ထွက်ချိန်မှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဖေဖော်၀ါရီ ၉ ရက်နေ့ ညနေ ၄ နာရီမှ ၆ နာရီအထိ ပေါက်နယ် ကျောက်လုံးကျေးရွာအနောက်ဘက်အရောက် ကြားဖြတ် တိုက်ခိုက်ခဲ့ပြီးနောက် အဲဒီနေ့ ည ၁၀ နာရီခန့်မှ ည ၁၂ နာရီအထိ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်မှာ ထပ်မံထိတွေ့မှုတွေ ရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု ပြန်ကြားရေး တာဝန်ခံ ကိုဘိုဘိုသန့်ဇင် က ပြောပါတယ်။
အဲဒီ ထိတွေ့မှု နှစ်ကြိမ်အတွင်းစစ်ကောင်စီတပ်သား သုံးယောက် သေဆုံးကာ ရှစ်ယောက်ခန့်ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ ဆိုပါတယ်။
အဲဒီ တိုက်ခိုက်မှုကို အညာမြေတပ်ပေါင်းစု၊ TYK (သရက်ကန်) ပြောက်ကျား တပ် ဖွဲ့၊ ဝံပုလွေပျောက်ကြားတပ်ဖွဲ့၊ မြိုင်-ပကဖ၊ မြိုင်-ပကဖ(တပ်ရင်း ၁) ၊ပခုက္ကူခရိုင်တပ်ရင်း ၁၊၂၊၇။စင်္ကြာတပ်ဖွဲ့ ။Union brother ၊God of myaing နဲ့ နံ့သာမြေယက္ခ အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါ တယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ဖေဖော်၀ါရီ ၃ ရက်နေ့ စစ်ကြောင်းဝင်လာတဲ့ လမ်းတစ်လျောက် မှာရှိတဲ့ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိခဲ့ပြီး စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်တာကြောင့် မြိုင်မြို့နယ်ကအမျိုးသမီးတစ်ဦး လက်ထိမှန်ကာ စိုးရိမ်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
“ဖမ်းဆီးခံရတာက လူလတ်တစ်ယောက် ၊ လူကြီးတစ်ယောက် ၊ လူငယ်တစ်ယောက် သုံးယောက်ပေါ့ ။အပစ်ခံရတဲ့ အမျိုးသမီးတစ်ယောက်ကတော့ လက်မောင်းကိုသေနတ်မှန်တဲ့ဒဏ်ရာနဲ့ လက်ဖြတ်ရဖို့များတယ် ။ နောက်ပြီးအပြန်လမ်းမှာ မကျည်းစင်ရွာက ဒေသခံအမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့သေးတယ်” လို့ ကိုဘိုဘိုသန့်ဇင်ကပြောပါတယ်။
မနေ့က ဖေဖော်၀ါရီ၁၀ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရသူတွေထဲက နှစ်ဦးဟာ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး အသက်ကြီးဆုံးသူကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာပဲ စစ်ကြောင်းဟာ မြိုင်မြို့နယ် စက်မှု-၂ ကို ပြန်လည် ဝင် ရောက်သွားပြီဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ စစ်ကြောင်းဟာ ပခုက္ကူမြို့ကနေ ဇန်နဝါရီလ ၅ ရက်မှာ စတင်ထွက်ခွာလာခဲ့ကာ မြိုင်မြို့ကို ရောက်ရှိခဲ့တာဖြစ်ပြီး မြိုင်မြို့နယ် စက်မှု-၂ အတွင်းမှာ အထိုင်ချပြီး စစ်ကြောင်းလှည့်ကာ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်က ပျူစောထီးကျေးရွာတွေကို ရိက္ခာ ၊ လက်နက် စတာတွေ ထောက်ပံ့မှု လုပ်ဆောင်နေတယ်လို့ သိရတယ်။
ဓာတ်ပုံ – အညာမြေတပ်ပေါင်းစု
ပုံစာ – အညာမြေတပ်ပေါင်းစု တပ်ဖွဲ့ဝင်များကို မြင်ရပုံ