ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ? (ဇန်နဝါရီ ၆ ရက်ကနေ ၁၁ ရက်နေ့အထိ)

Author ကိုထားဝယ်
Categories
Published on Jan 12, 2025

ဒီတစ်ပတ် (ဇန်နဝါရီ ၆ ရက်ကနေ ၁၁ ရက်နေ့အထိ) အတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီတပ်က ဗုံးပတ်ကြဲနေဆဲဖြစ်ပါတယ်။ အဲဒီထဲ ရခိုင်ပြည်က အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရမ်းဗြဲနဲ့ ကျောက်တော် ဗုံးကြဲခံရမှုအတွင်း လူအများအပြား သေဆုံးထိခိုက်ခဲ့ရပါတယ်။ တဖန် အလယ်ပိုင်း အညာဒေသ၊ မြောက်ပိုင်း ကချင်ဒေသ၊ တောင်ပိုင်းက တနင်္သာရီဒေသတွေမှာ တော်လှန်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပေါ်နေတဲ့ ရက်သတ္တပတ်လို့ ဆိုရပါမယ်။

ဒါ့အပြင် အနောက်ပိုင်းက AA ဟာ ရခိုင်ပြည်အပြင် ဧရာဝတီတိုင်းမြို့တော် ပုသိမ်အနီးအထိ တိုက်ပွဲတွေဖော်ဆောင်လာပါတယ်။ အဲဒီမှာ ကချင်က KIA/KPDF တွေက မံစီမှာ အောင်ပွဲရယူနိုင်ခဲ့ပါတယ်။ အဲဒီလိုပဲ ဒီတစ်ပတ်ထဲ ကချင်ပြည်တည်ထောင်တာ ၇၇ နှစ်ပြည့်မြောက်သွားပါတယ်။ အဲဒီလိုသတင်းတွေနဲ့အတူ ထိုင်း-မြန်မာနယ်စပ်မှာ တရုတ်နိုင်ငံသားတွေ ပျောက်ဆုံးနေတဲ့သတင်းက ထူးခဲ့ပါတယ်။ နောက်ပြီး စစ်တပ်ထောက်တိုင် MyTel ကုမ္ပဏီ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူခံလိုက်ရတာကလည်း တော်လှန်သူတွေအတွက် သတင်းကောင်းဖြစ်စေခဲ့ပါတယ်။ ဒီလိုသတင်းတွေနဲ့အတူ အထူးခြားဆုံးနဲ့ စိတ်ဝင်အစားဆုံးဖြစ်ခဲ့တဲ့သတင်းတွေကို အနှစ်ချုပ်ဖော်ပြထားပါတယ်။

****************************************

 

“ရွှေသမင်ဘယ်ကထွက် ရွှေကုက္ကိုက ထွက်”

 

ဗိုလ်မှူးကြီး စောချစ်သူဦးဆောင်ခြယ်လှယ်နေတဲ့ ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေကုက္ကိုမြို့သစ်ဆီ ရှမ်းပြည်မြောက်ပိုင်းက အွန်လိုင်းငွေလိမ်လုပ်ငန်း(ခ)ကျားဖြန့်တွေ ပြောင်းလာတယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်နေတာကြာပါပြီ။

 

အဲဒီအချိန်မှာပဲ ပျောက်ဆုံးနေတဲ့ တရုတ်မင်းသား ဝမ်ရှင်းကို ရွှေကုက္ကိုထဲက ကျားဖြန့်လုပ်ငန်းတစ်ခုဆီကနေ ထိုင်းရဲချုပ်ကိုယ်တိုင်က သွားရောက်ခေါ်ထုတ်ခဲ့ပါတယ်။

 

ဝမ်ရှင်းဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီးမှာ ပြီးခဲ့တဲ့ဇန်နဝါရီ ၃ ရက်နေ့က ပျောက်သွားပြီးနောက် ရွှေကုက္ကိုလ်ထဲ ရောက်သွားတာဖြစ်ပါတယ်။ တရုတ်မင်းသားဟာ အဲဒီနေ့က ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိလေဆိပ်ကို ရောက်ရှိပြီးနောက် မဲဆောက်ကို ပို့ဆောင်ခံရပြီး တရားမဝင်လမ်းကြောင်းကတစ်ဆင့် မြန်မာဘက်ကို လူကုန်ကူးခံရတာဖြစ်တယ်လို့ ထိုင်းဒေသတွင်းသတင်းတွေက ရေးသားဖော်ပြကြပါတယ်။

 

အဲဒီနောက် သူ့ကို ဇန်နဝါရီ ၇ ရက်နေ့က တရုတ်နိုင်ငံသား အယောက် ၅၀ နဲ့အတူ ထိုင်းအာဏာပိုင်တွေက သွားရောက်ခေါ်ဆောင်ခဲ့ပါတယ်။ သူ ကျားဖြန့်မှာရှိနေချိန် သုံးရက်အတွင်း တရုတ်လူမျိုးတွေကို ပစ်မှတ်ထားတဲ့ စာတိုတွေလိမ်လည်ရေးသားတာမျိုး လေ့ကျင့်ဖို့စေခိုင်းခံရသလို ကတုံးလည်းအတုံးခံခဲ့ရတယ်လို့ ထိုင်းရဲတွေဆီ ထွက်ဆိုခဲ့ပါတယ်။

 

အဲဒီနောက် ရက်ပိုင်းအတွင်းမှာပဲ ထိုင်းကိုလာတဲ့ တရုတ်မော်ဒယ်နဲ့ အမျိုးသမီးငယ်တစ်ဦးတို့ ထပ်မံပျောက်ဆုံးခဲ့လို့ ထိုင်းရဲတွေဆီ တိုင်ကြားခဲ့ပါတယ်။

တရုတ်မော်ဒယ် ယောင်းဇက်ခီဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ပေကျင်းကနေ ရုပ်ရှင်ရိုက်ကူးရေးအတွက် ကမ်းလှမ်းခံရလို့ ဘန်ကောက်၊ သုဝဏ္ဏဘူမိလေဆိပ်ကို ရောက်လာခဲ့တာဖြစ်ပါတယ်။ လေဆိပ်ကို ရောက်ရောက်ချင်း နယ်စပ်ကို ကားနဲ့ခေါ်ဆောင်ခံခဲ့ရပါတယ်။

 

ဒီဇင်ဘာ ၂၉ ရက်နေ့နောက်ပိုင်း သူ့မိသားစုနဲ့အဆက်အသွယ်ပြတ်တောက်သွားပြီးနောက် မိသားစုက တရုတ်ရဲအပါအဝင် ထိုင်း၊ မြန်မာတို့ရှိ တရုတ်သံရုံးတွေဆီ ဆက်သွယ်အမှုဖွင့်ထားပါတယ်။

 

ဒါ့အပြင် ထိုင်းရောက်လာပြီးပျောက်ဆုံးသွားတဲ့ အသက် ၂၁ နှစ်အရွယ်အမျိုးသမီး ကျားချီကို ရှာဖွေပေးဖို့ ဖခင်က ထိုင်းရဲတပ်ဖွဲ့ကို ဇန်နဝါရီ ၈ ရက်မှာ တိုင်ကြားထားပါတယ်။ အမျိုးသမီးငယ်ဟာ သူမရဲ့ပထမဆုံးပြည်ပခရီးစဉ်မှာပဲ ခင်မင်တာလပိုင်းပဲရှိသေးတဲ့ အွန်လိုင်းပေါ်ကသူငယ်ချင်းနဲ့ ခရီးထွက်ရင်းပျောက်ဆုံးသွားတာလို့ သတင်းတွေအရ သိရပါတယ်။

 

ထိုင်းကိုသွားရောက်ပြီး ထိုင်း-မြန်မာနယ်စပ်မှာ ပျောက်ဆုံးနေတဲ့ တရုတ်နိုင်ငံသား ၄၀၀ လောက်ရှိတယ်လို့ တရုတ်နိုင်ငံဘက်ကလာတဲ့သတင်းတွေကဆိုထားပြီး သူတို့ရဲ့မိသားစုဝင်တွေက ကရင်လက်နက်ကိုင်တပ်တွေထိန်းချုပ်ထားတဲ့ မြဝတီမြို့ကို ပို့ဆောင်ခံရတာလို့ ယူဆနေကြပါတယ်။

 

ဒါ့အပြင် မြန်မာနိုင်ငံမှာ ပိတ်မိနေသူ ၁၇၄ ဦးကို ပြန်လည်လွတ်မြောက်ရေးအကူအညီပေးဖို့ မိသားစုဝင်တွေက ပူးတွဲရေးသားထားတဲ့ စာတစ်စောင် အွန်လိုင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပျံ့နှံ့နေတယ်လို့ တရုတ်အစိုးရအာဘော် Global Times သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

 

အခုလိုမြဝတီမြို့နယ်အတွင်း တရုတ်နိုင်ငံသားတွေပျောက်ဆုံးမှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “မြဝတီနယ်စပ်၊ တာချီလိတ်နယ်စပ် ထိုင်းနဲ့ဆက်စပ်တဲ့နယ်စပ်တွေမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းစုံစမ်းဖို့၊ သတင်းအဖွဲ့အစည်းအသီးသီးနဲ့ လုံခြုံရေးအဖွဲ့အစည်းအသီးသီးကိုလည်း မြန်မာနိုင်ငံအနေနဲ့လည်း စေခိုင်းခဲ့တာရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ညွှန်ကြားချက်ထုတ်ပြီး ဆောင်ရွက်ခဲ့တာမျိုးရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး နောက်ဆက်တွဲအခြေအနေတွေကိုလည်း ဆက်ပြီးလည်းစုံစမ်းနေဆဲဖြစ်ပါတယ်” လို့ ပြောပါတယ်။

****************************************

 

“သူရဲဘောကြောင်တဲ့ ရမ်းဗြဲ၊ ကျောက်တော်ဗုံးကြဲမှု”

 

အာရက္ခတပ်တော် AA က ရခိုင်ပြည်အတွင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အပါအဝင် မြို့ ၁၄ ခုအပါအဝင် ချင်းပြည်က ပလက်ဝဒေသကိုလည်း သိမ်းပိုက်ထားပါတယ်။

 

အဲဒီထဲက ရမ်းဗြဲနဲ့ ကျောက်တော်မြို့နယ်တွေက အရပ်သားပစ်မှတ်တွေကို စစ်ကောင်စီတပ်က ဒီတစ်ပတ် ဇန်နဝါရီ ၈ ရက်နဲ့ ၁၁ ရက်နေ့တို့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

 

ရမ်းဗြဲမြို့နယ်၊ ကမန်လူမျိုးအများစုနေထိုင်တဲ့ ကျောက်နီမော်ကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုအတွင်း တောင်ပိုင်းရပ်ကွက်ထဲကျရောက်ပေါက်ကွဲခဲ့လို့ ကနဦး လူ ၄၀ လောက်သေဆုံးတယ်လို့ပြောပေမဲ့ ဇန်နဝါရီ ၁၀ ရက်နေ့မှာတော့ လူ ၂၆ ဦးသေဆုံးတဲ့အပြင် ၂၇ ဦးဒဏ်ရာရတယ်လို့ AA က တရားဝင်ထုတ်ပြန်ပါတယ်။

 

အဲဒီမှာမီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ရာမှာ အလယ်ပိုင်းနဲ့ မြောက်ပိုင်းရပ်ကွက်တွေအထိ မီးကူးစက်ခဲ့တဲ့အတွက် နေအိမ် ၃၉၈ လုံး မီးလောင်ကျွမ်းခဲ့ပြီး သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်အများအပြား မီးထဲပါသွားခဲ့တယ်လို့ AA က ဆိုပါတယ်။

 

ဒီဗုံးကြဲမှုနဲ့ပတ်သက်ပြီး “ဘာတိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိတော့တဲ့နေရာမှာ အခုလို အပြစ်မဲ့ပြည်သူတွေကို ဦးတည်ပစ်မှတ်ထားတိုက်ခိုက်တာဟာ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အလွန်ယုတ်မာသူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်သလို စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်တာလည်းဖြစ်ပါတယ်” လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါတယ်။

 

ဇန်နဝါရီ ၁၁ ရက်နေ့ မနက်ပိုင်းမှာလည်း ကျောက်တော်မြို့ဗုံးကြဲမှုအတွင်း ကျောက်တော်မြို့မဈေးကြီး၊ ရှမ်းရွာနဲ့ မြို့သစ်ရပ်ကွက်တွေထဲ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ဒါကြောင့် လူလေးဦးထက်မနည်းသေဆုံးတယ်လို့ ကနဦးသတင်းအရ သိထားရပေမဲ့ ဒီပမာဏထက် ပိုများနိုင်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ ကနဦးပြောထားပါတယ်။

 

ကျောက်တော်မြို့ဗုံးကြဲမှုနဲ့ပတ်သက်ပြီး AA က အဲဒီနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်လာပေမဲ့ သေဆုံးထိခိုက်စာရင်းအတိအကျကိုတော့ နောက်ဆက်တွဲထုတ်ပြန်ပေးမယ်လို့ ဆိုထားပါတယ်။

****************************************

 

“အောင်ပွဲတွေနဲ့ ၇၇ နှစ်ပြည့်သွားတဲ့ကချင်ပြည်”

 

ကချင်ပြည်ထဲက စစ်ကောင်စီတပ်တွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

 

တစ်နှစ်နီးပါးကာလအတွင်း ကချင်ပြည်က အစိုးရရုံးစိုက်ခဲ့တဲ့မြို့ ခြောက်ခုအပါအဝင် မြို့ ၁၃ ခုကို KIA/PDF တို့ သိမ်းထားနိုင်သလို ရှမ်းပြည်မြောက်ပိုင်းက မဘိမ်းမြို့တို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

 

ဒါဟာ ကချင်ပြည်ရဲ့ ၇၇ နှစ်အတွင်း အကြီးမားဆုံးအောင်ပွဲဖြစ်သလို ကချင်လွတ်လပ်ရေးတပ်(KIA)တို့အတွက်လည်း အလားတူပါပဲ။

 

အဲဒီနေ့မှာ ကချင်ခေါင်းဆောင်တွေ အထူးသဖြင့် KIO/KIA ဥက္ကဋ္ဌအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေ မိန့်ခွန်းထွက်ပြောတာမတွေ့ရပါဘူး။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ခဲ့သလို စစ်ကောင်စီ ဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနဲ့ အဖွဲ့ဝင်တွေ မြစ်ကြီးနားမြို့က မနောပွဲကို သွားရောက်ခဲ့ပါတယ်။

 

စစ်ခေါင်းဆောင်ကတော့ စစ်ရှုံးနေပေမဲ့ လာရောက်ပူးပေါင်းဖို့ ကချင်ပြည်၊ ရှမ်းမြောက်နဲ့ စစ်ကိုင်းတိုင်းတို့မှာ မြို့များစွာသိမ်းထားတဲ့ KIA ကို အသိပေးခဲ့ပါတယ်။

 

စစ်ကောင်စီအနေနဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ထာဝရငြိမ်းချမ်းရေးဆိုပြီး နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်ဖော်ဆောင်နေတဲ့အထဲ KIA အပါအဝင် တိုင်းရင်းသားမျိုးနွယ်စုအားလုံး စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပါဝင်ရမယ်လို့ သူက ပြောသွားတာပါ။ စစ်ရှုံးတပ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဖိတ်ခေါ်တာထက် အမိန့်ပေးတဲ့ပုံစံ ပြောဆိုသွားတာတွေ့ရပါတယ်။

 

နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေးအရ သဘောထားကွဲလွဲမှုတွေကို လွှတ်တော်လမ်းကြောင်းပေါ်ကနေ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးခြင်းနဲ့သာ ညှိနှိုင်းအဖြေရှာရမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

 

နိုင်ငံရဲ့ ကဏ္ဍပေါင်းစုံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေပြီး တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရဖို့နဲ့ ပစ္စုပ္ပန်ကောင်းကို တည်ဆောက်နေတယ်လို့ နိုင်ငံတဝန်းဗုံးပတ်ကြဲနေတဲ့ တပ်ခေါင်းဆောင်က ပြောပါတယ်။

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ အကြမ်းဖက်(စစ်ကောင်စီဆန့်ကျင်တဲ့)အဖွဲ့တွေရဲ့ လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူတွေ လုံခြုံမှုနဲ့ တည်ငြိမ်အေးချမ်းမှုကင်းမဲ့ပြီး ဆင်းရဲဒုက္ခတွေ ကြုံတွေ့နေကြရတယ်လို့ တိုင်းစစ်ဌာနချုပ်နှစ်ခု လက်လွှတ်ထားရတဲ့ စစ်ခေါင်းဆောင်က အပြစ်ဖို့ပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့ကကျရောက်ခဲ့တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ရဲ့  ၆၄ နှစ်ပြည့်အခမ်းအနားမှာ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကတော့ အာဏာရှင်စနစ် မုချကျဆုံးရမယ်လို့ ကြုံးဝါးပြောဆိုထားပါတယ်။

****************************************

 

“မံစီမြို့အောင်ပွဲ”

 

ကချင်ပြည်၊ ဒုတိယမြို့တော် ဗန်းမော်မြို့နဲ့အတူ KIA/KPDF တို့က ထိုးစစ်ဆင်ခဲ့တဲ့ တောင်ဘက်စွန်းက မံစီမြို့ကို ဒီတစ်ပတ် ဇန်နဝါရီ ၈ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့နှစ် မေလအတွင်း မံစီမြို့ကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့ ခမရ-၃၁၉၊ ၆၀၁ နဲ့ အမတ-၃၅၂ တို့က ခုခံနေလို့ ဒီဇင်ဘာ ၄ ရက်ကပြီး အဲဒီစခန်းကိုတွေကို တပြိုင်နက်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် တစ်လကျော်အကြာ ဇန်နဝါရီ ၈ ရက်နေ့ မနက်ပိုင်းမှာ KIA/KPDF တို့ မံစီမြို့ကို အလုံးစုံသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

 

မံစီမြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းအများအပြားရရှိခဲ့တာကို ကချင်သတင်းရင်းမြစ်တွေရဲ့ လူမှုကွန်ရက်ပေါ်တင်လာတဲ့ ရုပ်သံမှတ်တမ်းတွေအရ သိရပေမဲ့ အတိအကျကို KIA က ထုတ်ပြန်ခြင်းမရှိပါဘူး။

 

ဗန်းမော်ခရိုင်၊ မံစီမြို့နယ်မှာ လူဦး ရေ ၇၈,၀၀၀ ကျော် နေထိုင်ပြီး မြို့ပေါ် ၄ ရပ်ကွက်ရှိကာ တရုတ်နိုင်ငံနဲ့ နယ်ချင်းထိစပ်ပါတယ်။

 

ဒီမြို့သိမ်းလိုက်နိုင်တဲ့အတွက် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

 

ဗန်းမော်မြို့နယ်အတွင်း အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)အပြင် ခြေလျင်တပ်တွေဖြစ်တဲ့ ခလရ-၄၇ နဲ့ ၂၃၆၊ အမြောက်တပ်တွေဖြစ်တဲ့ အမတ-၃၃၆၊ ၃၀၄ နဲ့ အမှတ် ၇၀၀၆ သံချပ်ကာတပ်၊ အမှတ် ၅၀၁၄ တင့်ကားတပ်နဲ့ လက်ရုံးတပ်ရင်း ၅ ရင်းခန့် အခြေစိုက်ထားပါတယ်။

****************************************

 

“ကန်ရဲ့ပိတ်ဆို့ခံလိုက်ရတဲ့ စစ်တပ်ထောက်တိုင် MyTel”

 

စစ်အုပ်စုတည်ထောင်ထားတဲ့ ဆက်သွယ်ရေးကုမ္ပဏီ MyTel ကို အမေရိကန်ပြည်ထောင်စု၊ စက်မှုကုန်ထုတ် လုပ်ငန်းနဲ့ လုံခြုံရေးဌာနက အရေးယူပိတ်ဆို့လိုက်ပါတယ်။

 

စစ်ကောင်စီကို ဘဏ္ဍာရေးပံ့ပိုးမှုနဲ့ စုံစမ်းထောက်လှမ်းရေးအထောက်အကူပေးနေတာကြောင့် အရေးယူတာလို့ဆိုထားတဲ့အပြင် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေဟာ MyTel ကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရတယ်လို့ ဆိုထားပါတယ်။

 

အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ပိတ်ဆို့မှုစာရင်းထဲ မြန်မာက MyTel နဲ့အတူ တရုတ်နိုင်ငံက ကုမ္ပဏီ ၁၁ ခုနဲ့ ပါကစ္စတန်နိုင်ငံက ကုမ္ပဏီတစ်ခုတို့ကို ထည့်သွင်းလိုက်တာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 

စစ်ကောင်စီထောက်တိုင် MyTel ရဲ့ဝန်ဆောင်မှုတွေကို အာဏာမသိမ်းခင်ကတည်းက သုံးစွဲသူနည်းပါးခဲ့ပြီး အာဏာသိမ်းအပြီး ပိုမိုဆိုးရွားခဲ့ပါတယ်။ ဒါကြောင့် MyTel က ဈေးနှုန်းချိုသာတဲ့ ဝန်ဆောင်ခတွေနဲ့ သုံးစွဲသူတွေကို ဆွဲဆောင်နေဆဲဖြစ်တဲ့အပြင် ဝိုင်ဖိုင်ဝန်ဆောင်မှုတွေကိုလည်း နာမည်အမျိုးမျိုးနဲ့ ကုမ္ပဏီဖွင့်လှစ် ဝန်ဆောင်မှုပေးနေပါတယ်။

 

လက်ရှိ ပြည်တွင်းသုံးစွဲသူ သန်းနဲ့ချီရှိတဲ့ Mytel ကို ဗီယက်နမ်စစ်တပ်ပိုင် Viettel Global Investment က ၄၉ ရာခိုင်နှုန်း၊ မြန်မာစစ်တပ်ပိုင် Star High ကုမ္ပဏီက ၂၈ ရာခိုင်နှုန်းနဲ့ ပြည်တွင်းအများပိုင်ကုမ္ပဏီ ပူးပေါင်းထားတဲ့ Myanmar National Telecom Holding Public Company Ltd(MNTH)က ၂၃ ရာခိုင်နှုန်း ရှယ်ယာထည့်ဝင်ကာ ပူးပေါင်းလုပ်ကိုင်နေပါတယ်။

 

Related News

Depend on news