“ပုလ္လင်အနံ့လေး ရှူချင်တာပါ”

“ဘထွဋ်ရေ .. ဘထွဋ်” ..။
ခြံဝင်းပြင်ကို လှမ်းကြည့်တော့ မောတကောကြီးနဲ့ ပြေးလာလိုက်တဲ့ မောင်ပြူး.. လက်ထဲမလဲ ဘယ်ပြည်သူဆီက လုထားမှန်း မသိတဲ့ အိုင်ဖုန်းကြီးနဲ့..။
“ဘထွဋ်ရေ.. ဘဘကြီး သမ္မတဖြစ်ပြီဗျ”.. အိမ်ထဲတောင် မရောက်သေးဘူး မောင်ပြူးက ပြုံးပြုံးကြီးနဲ့ လှမ်းပြောသေး..။
ဘထွဋ်လည်း မနေသာ
“ဒီမယ် မောင်ပြူး စကားကို ရှင်းရှင်းပြောစမ်း”
“ဘဘကြီးက ဝါဆိုသင်္ကန်းကပ်ဖို့ကို သမ္မတသင်္ကန်းဝယ်ခိုင်းတာလား၊ တပ်တွေထဲ နေ့တိုင်း သက်ပျောက်ဆွမ်းကပ်လိုက် ရက်လည်ဆွမ်းကပ်လိုက်နဲ့ နေ့တိုင်း ကုသိုလ်ရနေတာကို ဝါဆို သင်္ကန်းကကပ်စရာလိုသေးလို့လားဟ”လို့ ဘထွဋ်လည်း ဆီးမာန်တာပေါ့..။
ဒီတော့ မောင်ပြူးက သူ့လုထားတဲ့ အိုင်ဖုန်းကြီး ထုတ်ပြတယ်.. VPN မဖွင့်ထားတော့ ဘာမှ မပေါ်ဘူးပေါ့..။
“ဟဲ့.. မောင်ပြူး VPN ချိတ်လေဟ”ဆိုမှ VPN တန်ခိုးနဲ့ သတင်းတွေ တက်လာတယ်..
အံမာ အံမာ မောင်ပြူးဖုန်းထဲမှာ မင်းအောင်လှိုင်က ပြုံးပြုံးကြီး ဘာတဲ့ ယာယီသမ္မတကြီးတဲ့ ..
“ဟဲ့ မောင်ပြူး ရွေးကောက်ပွဲက ဘယ်တုန်းက လုပ်တာတုန်း”လို့ မေးတော့
“ဟာ ဘထွဋ်ရာ ရွေးကောက်ပွဲ မလိုဘူးလေ အော်တို သမ္မတ အော်တို သမ္မတ”တဲ့။
“မဟုတ်သေးဘူးလေ မောင်ပြူးရယ် သမ္မတဆိုတာ ပြည်သူကရွေးချယ်ခန့်ရတာလေ၊ တပ်ချုပ်ကြီးက ဘယ်နှယ့် သမ္မတဖြစ်ရတာတုန်း”လို့ မေးတော့
“ဟာ သမ္မတရုံးက စာပို့ခန့် သမ္မတရုံးက စာပို့ခန့်တာ”တဲ့
“ဒီမယ် မောင်ပြူး သမ္မတကြီးကို တပ်ချုပ်ကြီးက ဖမ်းထားတာလေ ဘယ်နှယ့် စာပို့မတုန်း” ဆိုတော့
“အို ဘထွဋ်ရာ ဘာဖြစ်ဖြစ် ဘဘကြီး သူဖြစ်ချင်တဲ့ သမ္မတဖြစ်ပြီ၊ သမ္မတကြီး မင်းအောင်လှိုင်ပဲ ဘထွဋ် မြဲမြဲမှတ်”လို့ ပြောပြီး စိတ်ဆိုးဆိုးနဲ့ အိမ်ကနေ ပြန်သွားလေရဲ့..။
ဒါနဲ့ ဘထွဋ်လည်း ငါလည်း သတင်းတွေ ကြည့်ဦးမှပဲဆိုပြီး ဖုန်းလေးဖွင့်ကြည့်တာ အဟုတ်ဗျာ ကာချုပ်ကြီးက သမ္မတဖြစ်ပြီတဲ့..။
အံမာ သတင်းဌာနတွေကို ဘထွဋ်လိုက်ကြည့်ပြီး သတင်းတွေဖတ်တော့လည်း အကုန်လုံးက ကာချုပ်ကြီး သမ္မတဖြစ်တာကို သတင်းတွေ ရေးတင်ထားကြသေးတယ်..။
သမ္မတမဖြစ်ခင်ကသာ လူတကာမုန်းတဲ့ တပ်ချုပ်ကြီး အခု သမ္မတကြီး ဖြစ်ပြီလည်းဆိုရော ပြည်သူတွေ အကုန်ပျော်ကြတယ်ထင်တယ်.. ဘယ်သတင်းတွေကို ဖတ်ဖတ် ပိုစ့်တွေရဲ့ အောက်မှာ ဟဟ တွေချည်းကို ပေးထားကြတာ.. ပြည်သူတွေက အတော်ကို ပျော်ကြပုံရတယ်..။
ဒါနဲ့ ဘထွဋ်လည်း VPN လေး ချိတ်လို့ရတုန်း သတင်းတွေ ဆက်ဖတ်တာပေါ့..။
ဟော ဘာတဲ့ ရှမ်းမြောက်တခွင်မှာ အများကြီးသေပြီး စခန်းတွေစွန့်ခွာတဲ့..
ဟော ရခိုင်တခွင်မှာ စစ်ကောင်စီတပ် အမြစ်ဖြတ်တဲ့..
ဟော အညာမှာလည်း တဖောင်းဖောင်း တဒိုင်းဒိုင်း..
အံမာ ကရင်ကလည်း ဘဘကြီးရဲ့ ပုဇဉ်းကင်ကို ထုတ်ပြနေသေးတယ်..။
ဪ မသေခင် ဆန္ဒပြည့်တယ်ဆိုတာကလည်း ဒါမျိုးကို ဆိုတာလား မသိ..။
အရူး စိတ်ချမ်းသာရင် တိုင်းပြည်အေးချမ်းတယ် ပြောရအောင်လည်း ဒီအရူးမွှေထားတာ တိုင်းပြည်ကြီးလည်း ပျက်လို့ ယွင်းလို့ ..။
ဘထွဋ် မျက်လုံးထဲ ပြေးမြင်နေတာက ဒီဂျပု သမ္မတစလွယ်ကို ဘယ်လို ဝတ်မလဲဆိုတာပဲ.. ။
အိမ်း.. ကလေးတွေ မိုးရေထဲ ပုဆိုးဂွင်းသိုင်းပြီး ဂျိုးတိုတိုလေးနဲ့ ပတ်ပြေးနေတဲ့ ပုံလေး မြင်ယောင်မိသေး..။
ဓာတ်ပုံ – ရန်ကုန်တော်လှန်ရေးအင်အားစု