စစ်ကောင်စီလူ့အခွင့်ရေးချိုးဖောက်မှု ယခုနှစ်ဝက်အရေအတွက် ပြီးခဲ့တဲ့တစ်နှစ်လုံးစာရဲ့ သုံးပုံ နှစ်ပုံကျော်ရှိလို့ NUG ထုတ်ပြန်

Author အညာသား
Categories
Published on Jul 11, 2024

စစ်ကောင်စီရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုများအတွင်း ယခုနှစ်ဝက်အရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်လုံးအရေအတွက်ရဲ့ သုံးပုံ နှစ်ပုံကျော်ရှိတယ်လို့ NUG ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ဒီနေ့ ဇူလိုင် ၁၁ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ပြီးခဲ့တဲ့တစ်နှစ်လုံး ၄၆၅၆ ခုရှိခဲ့ရာမှ ယခုနှစ်ရဲ့ ပထမခြောက်လအတွင်း ဖြစ်စဉ်ပေါင်း ၃၁၂၁ ခုအထိ မှတ်တမ်းတင်ထားနိုင်ပြီဖြစ်တယ်လို့ အဲဒီဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

 

စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများအနက် တရားလက်လွတ်သတ်ဖြတ်ခြင်း(Extrajudicial Killing)က ကျူးလွန်မှုအများဆုံးဖြစ်ပြီး ပစ္စည်းဥစ္စာများဖျက်ဆီးမှု၊ အဓမ္မလုပ်အားစေခိုင်းမှုနဲ့ မတရားဖမ်းဆီးခြင်းတွေကလည်း ယခုနှစ် ပထမနှစ်ဝက်အတွင်း ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။

 

ဒေသအလိုက် ကျူးလွန်မှုတွေအနေနဲ့ စစ်ကိုင်းတိုင်းမှာ အခုချိန်ထိ ဆိုးရွားများပြားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်ကောင်စီက ပြုလုပ်နေဆဲဖြစ်ပြီး ၎င်းတို့ ထူးထူးခြားခြားလူ့အခွင့်ရေးချိုးဖောက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာခဲ့တာကတော့ ရခိုင်ပြည်ဖြစ်တယ်လို့ ဆိုထားပါတယ်။ အလားတူ ရှမ်းပြည်မှာလည်း လူ့အခွင့်ရေးချိုးဖောက်မှု နှစ်ဆတိုးလာခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

 

ရခိုင်ပြည်မှာ လူ့အခွင့်ရေးချိုးဖောက်မှု ပြီးခဲ့တဲ့နှစ်ထဲ ၃၂၄ ခုသာရှိခဲ့ပေမဲ့ ယခုနှစ် ပထမနှစ်ဝက်အတွင်းမှာတင် ၄၇၂ ခုအထိရှိလာတယ်လို့ NUG ရဲ့ ဝန်ကြီးဌာနက ဆိုထားပါတယ်။

 

၂၀၂၃ ခုနှစ် တစ်နှစ်လုံး လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ် ၈၇ ခုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး အနည်းဆုံးသေဆုံးသူ ၈၇၃ ဦးရှိခဲ့ကာ ယခု ပထမနှစ်ဝက်အတွင်းမှာတော့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၆၇ ခုမှာ သေဆုံးသူ ၈၈၀ ဦးအထိရှိလာခဲ့တယ်လို့ သိရပါတယ်။

 

လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ အပြောင်းအလဲအနေနဲ့ကတော့ ရခိုင်မှာ ယမန်နှစ် တစ်နှစ်လုံး လေကြောင်းတိုက်ခိုက်မှု ၁၈ ကြိမ်သာရှိခဲ့ပေမဲ့ ယခုပထမနှစ်ဝက်မှာတင် လေကြောင်း တိုက်ခိုက်မှု ၁၀၄ ကြိမ်အထိ တိုးမြှင့်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

လူ့အခွင့်ရေးချိုးဖောက်မှုဆိုင်ရာကြောင့် သေဆုံးသူအရေအတွက်ဟာ အတည်ပြုမှတ်တမ်းတင်နိုင်တဲ့ အရေအတွက်သာဖြစ်ပြီး အမှန်တကယ် သေဆုံးသူအရေအတွက်မှာ စာရင်းထက် ပိုမိုများပြားနိုင်တယ် လို့ ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – မေလ ၁၁ ရက်နေ့က မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာမှာ စစ်တပ်ရဲ့ လက်နက်ကြီး/ငယ်တွေနဲ့ပစ်ခတ်မှုကြောင့် ဒေသခံ ၃၄ ဦးထိသေဆုံးခဲ့ရပါတယ်။