တောင်ကုတ်မှာ Non CDM ဝန်ထမ်းတွေ မှတ်ပုံတင်အတုလုပ်ပြီး ရန်ကုန်ထွက်ပြေးနေ

Author အယ်ဒီတာ
Categories
Published on Jul 11, 2024

အာရက္ခတပ်တော် AAက ဝန်းရံပိတ်ဆို့ထားတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ အာရက္ခတပ်တော်က အရပ်သားပြည်သူတွေကို လွတ်လပ်စွာ စစ်ဘေးရှောင်သွားရောက်ဖို့ ခွင့်ပြုပေးနေတာကြောင့် စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်နေဆဲဖြစ်တဲ့ Non CDM ဝန်ထမ်းတွေဟာ မှတ်ပုံတင်တွေ အတုလုပ်ပြီး ရန်ကုန်မြို့ကို စစ်ရှောင်ထွက်ပြေးနေတယ်လို့ တောင်ကုတ်မြို့ကို ရောက်ရှိနေတဲ့ CJ Platform ရဲ့ Citizen Journalist က သတင်းပေးပို့လာပါတယ်။

 

“လဝကရုံးမှာ ဝန်ထမ်းတွေ တန်းစီနေတာပဲ၊ မှတ်ပုံတင်တွေမှာ အလုပ်အကိုင်ဝန်ထမ်းဆိုတာကို ဖျောက်ခိုင်းပြီးတော့ ကတ်တွေအသစ်ထုတ်ပြီး လုပ်နေကြတာ၊ မှတ်ပုံတင်အဟောင်းကိုလည်း ဖွက်ထားပြီးတော့ တောင်ကုတ်ကနေ ထွက်ပြေးတာ၊ သူတို့အချင်းချင်းတောင် တစ်ကတ်ကို တစ်သိန်းပေးရတယ် အဓိက AAရဲ့ စစ်ဆေးရေးဂိတ်ကို ဖြတ်သွားဖို့ လုပ်ကြတာ”လို့ CJ Platform ရဲ့ Citizen Journalist က ပြောပါတယ်။

 

ဒါ့အပြင် အခုရက်ပိုင်းတွေထဲ တောင်ကုတ်မြို့အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ထူးခြားဖြစ်စဉ်တွေကိုလည်း သူလုံခြုံတဲ့နေရာကို ရောက်ရှိနေခိုက်မှာ အခုလိုပဲ သတင်းပေးပို့ခဲ့ပါတယ်။

 

ဒီမှာ ငွေသားအရမ်းရှားနေတယ် Kpay ဆို အနည်းဆုံး ၆ရာခိုင်နှုန်းကနေ ၁၀ရာခိုင်နှုန်းထိ ပေးထုတ်နေရတယ်။ Wave ကတော့ ၁၀ရာခိုင်နှုန်းအောက်ကို မကျဘူး ပေးရတယ်။

 

မြို့ထဲဘက်ခြမ်း ဆေးရုံကွက်သစ်နဲ့ ချောင်းကောက်ဘက်မှာ ပရဟိတအဖွဲ့တွေက ဆန်လှူနေတယ်၊ ကိုင်းရှည်ဘက်မှာတော့ အလှူနည်းလို့ ဆန်ကွဲပါ စားနေကြရတယ်။။ စစ်ဆေးရေးဂိတ်တွေမှာ AA ဂိတ်တွေဆိုရင် ပြည်သူကို ဒုက္ခမပေးဘူး မေးမြန်းတာပဲရှိတယ်၊ စစ်ကောင်စီဂိတ်တွေမှာဆို လူတစ်ယောက်တောင် ငါးသောင်းတောင်းတယ်၊ ရိက္ခာတွေပါလာရင် အကုန်ယူထားတယ်။

 

စစ်ကောင်စီက ဆောက်လုပ်ရေးသုံးပုဂ္ဂလိကပိုင်ကားတွေကို အကုန်ယူသုံးနေတယ်။သူတို့နဲ့ ပေါင်းပြီးတော့ ကျွဲနွားမှောင်ခိုလုပ်နေသူတွေလည်း အော်ဟစ်နေပြီ ကုန်မသယ်ရဘဲ စစ်သားပဲပို့နေရလို့။ ဆိုပြီး CJ Platform ရဲ့ Citizen Journalist က သတင်းအချက်အလက်တွေ ပေးပို့ပါတယ်။

 

ဒီအချက်အလက်တွေကို တောင်ကုတ်မြို့ကို ရောက်ရှိနေတဲ့ CJ Platform ရဲ့ Citizen Journalist က ဇူလိုင်လ ၁၀ရက်နေ့ ညပိုင်းမှာ ပေးပို့လာခဲ့တာဖြစ်ပြီး ထူးခြားဖြစ်စဉ်တွေကို ဆက်လက် ဖော်ပြပေးသွားပါမယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်