ကျောင်းတွေမှာ ပိုက်ဆံမကောက်ဖို့ စစ်ကောင်စီညွှန်ကြား

Author ကိုထားဝယ်
Categories
Published on May 11, 2024

ဒီနှစ် ဇွန်လ ၁ ရက်နေ့ဖွင့်မယ့် စစ်ကောင်စီလက်အောက်က အခြေခံပညာကျောင်းတွေမှာ ပိုက်ဆံမကောက်ဖို့နဲ့ လက်မခံဖို့ ကျောင်းအုပ်၊ ဆရာ၊ ဆရာမတွေကို စစ်ကောင်စီက ညွှန်ကြားချက်ထုတ်လိုက်ပါတယ်။

 

အချက် ၁၂ ချက်ပါတဲ့ အဲဒီညွှန်ကြားချက်ထဲ ပထမဆုံးအနေနဲ့ ဘယ်လိုအခကြေးငွေမှ မကောက်ဖို့/လက်မခံဖို့၊ လက်ဆောင်ပစ္စည်းလက်မခံဖို့နဲ့ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နဲ့ အခြားဘယ်လိုပစ္စည်းကိုမှ မရောင်းဖို့သတိပေးထားတာတွေ ပါဝင်ပါတယ်။

 

ကျောင်းအုပ်၊ ဆရာ၊ ဆရာမတွေအပြင် စစ်ကောင်စီအောက်က အရာထမ်း၊ အမှုထမ်းတွေလည်း အခု အချက်တွေကို လိုက်နာဖို့ မေလ ၁၁ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာတွေကနေ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

 

ဒါပေမဲ့ အဲဒီညွှန်ကြားချက်ထဲ အခုအချက်တွေကို မလိုက်နာရင် ဘယ်လိုအရေးယူမယ်ဆိုတဲ့ ညွှန်ကြားချက်တော့ ထည့်သွင်းဖော်ပြထားတာမတွေ့ရပါဘူး။

 

စစ်ကောင်စီပညာရေးဝန်ကြီးဌာနက ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် ‘ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့’ ဆောင်ပုဒ်နဲ့ ကျောင်းအပ်နှံရေးလှုံ့ဆော်နေတာဖြစ်ပါတယ်။

 

ဒီနှစ် ကျောင်းအပ်နှံရေးကလကို မေလ ၂၃ ရက်ကနေ ဇွန် ၂ ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် စစ်ကောင်စီပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားပါတယ်။

 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျောင်းနေအရွယ်ကလေးတိုင်း စစ်ကောင်စီကျောင်းတွေဆီ မဖြစ်မနေသွားရောက်အပ်နှံကြဖို့ တိုက်တွန်းထားပါတယ်။

 

တစ်ဖက်မှာလည်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ပညာရေးဝန်ကြီးဌာနဘက်ကလည်း ကြားကာလ ပညာသင်ယူခွင့် ဆုံးရှုံးနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ စဉ်ဆက်မပြတ် ပညာသင်ယူနိုင်ဖို့ မြေပြင် ပြည်သူ့ပညာရေးကျောင်းများ၊ Online ကျောင်းများနဲ့ ဆက်သွယ်ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့က ထုတ်ပြန်ပြောဆိုထားပါတယ်။

 

အဲဒီလို ပညာသင်ယူနိုင်ဖို့ အဲဒီဝန်ကြီးဌာနရဲ့ လေ့လာဆန်းစစ်အကဲဖြတ်ရေးဌာနကနေ Online ပြည်သူ့ပညာရေး ကျောင်း ၅၅ ခုကို “ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်း” အဖြစ် မေလ ၂ ရက်နေ့က အသိအမှတ်ပြု သက်တမ်း တိုးပေးလိုက်ပါတယ်။ ကျန် အွန်လိုင်းကျောင်းတွေကို စိစစ်အကဲဖြတ်ပြီး အသိအမှတ်ပြုသက်တမ်းတိုးပေးသွားမယ်လို့ ဆိုပါတယ်။

 

“NUG ရဲ့ အွန်လိုင်းကျောင်းတွေက သင်ကြားရေးပိုင်းကောင်းပါတယ်။ ဒါပေမဲ့ ရေရှည်မှာ ကျွန်မတို့လို ငွေကြေးချို့တဲ့သူတွေအတွက် အခက်အခဲအချို့တော့ရှိနေပါတယ်။ ရေရှည် အင်တာနက်ရရှိဖို့၊ ဖုန်းနဲ့မရတော့ Tablet ပေါ့နော်။ ဒါမျိုးတွေ အခက်အခဲရှိပါတယ်။ ကျွန်မသားကိုတော့ ၂ နှစ်လောက်ထားလိုက်ပါသေးတယ်။ မတတ်နိုင်တဲ့အဆုံး စကစကျောင်းကိုပဲ သွားအပ်ခဲ့ရပါတယ်” လို့ ရွှေပြည်သာမြို့က ကျောင်းနေအရွယ် ကလေးနှစ်ဦးမိခင်က ပြောပါတယ်။

 

စစ်ကောင်စီကျောင်းတွေမှာ ပြီးခဲ့တဲ့နှစ် ကျောင်းအပ်ချိန် အလှူငွေလို့ခေါင်းစဉ်တပ်ပြီး ကောက်ခံမှုတချို့ရှိခဲ့ပေမဲ့ အရင်လို သတ်မှတ်ကြေးနဲ့ ကောက်ခံတာမျိုးမရှိခဲ့ဘူးလို့ သူမက ဆိုပါတယ်။

 

“ဒီနှစ်လည်း သားနဲ့ သမီးကို စစ်ကောင်စီကျောင်းကိုပဲ သွားအပ်ရဦးမယ်။ ဖြစ်နိုင်ရင်တော့ NUG ကျောင်းကိုပဲ ထားချင်တာပါ” လို့ ၁၀ နှစ်သားနဲ့ ၅ နှစ်အရွယ် သမီးတို့ရဲ့ မိခင်က ဆက်ပြောပါတယ်။

 

ဓာတ်ပုံ – MOI

 

ပုံစာ – မနေ့က နေပြည်တော်မှာကျင်းပတဲ့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနဲ့ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားမှာ အမှာစကားပြောကြားနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုတွေ့မြင်ရစဉ်