‘ဆောင်းခိုငှက်တွေ တည်တံ့ရေး အင်းဆက်ပိုးတွေ ထိန်းသိမ်းပေး’ ဆောင်ပုဒ်နဲ့ ကမ္ဘာ့ဆောင်းခိုငှက်များနေ့မှာ အသိပေး

Published on May 11, 2024

ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့ဆောင်းခိုငှက်များနေ့(မေလ ၁၁ ရက်)မှာ ‘ဆောင်းခိုငှက်တွေ တည်တံ့ဖို့ အင်းဆက်ပိုးတွေ ထိန်းသိမ်းပေး’ ဆောင်ပုဒ်ကို ဇီဝမျိုးကွဲနဲ့ သဘာဝထိန်းသိမ်း​ရေးအသင်း(BANCA)က​ အသိပေးရေးသားထားပါတယ်။

ကမ္ဘာ့ဆောင်းခိုငှက်များနေ့ကို နှစ်စဉ်နှစ်တိုင်း မေနဲ့ အောက်လတိုဘာလ ဒုတိယအပတ် စနေနေ့တွေမှာ ကျင်းပပြုလုပ်လေ့ရှိပြီး ဒီနှစ်မှာတော့ မေလ (၁၁)ရက်နဲ့ အောက်တိုဘာလ (၁၂) ရက်နေ့တွေမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

 

အဲဒီနေ့မှာ ကမ္ဘာတစ်ဝှမ်းက လူတွေဟာ ငှက်ပွဲတော်တွေ၊ ပညာပေးအစီအစဉ်တွေ၊ ပြပွဲတွေနဲ့ ငှက်ကြည့်လေ့လာရေးခရီးတွေအပြင် အများပြည်သူဆိုင်ရာ အခမ်းအနားတွေကို ကျင်းပပြီး ကမ္ဘာ့ဆောင်းခိုငှက်များနေ့ကို ဂုဏ်ပြုကြပါတယ်။

“ဆောင်းခိုငှက်တွေနဲ့ အင်းဆက်ပိုးတွေရဲ့ ဆက်နွယ်မှုဟာ အရေးကြီးပါတယ်။ အင်းဆက်တွေဟာ ငှက်တွေရဲ့ သားပေါက်ရာသီတွေအတွင်းသာမက သူတို့ရဲ့ ရှည်ကြာတဲ့ ခရီးတွေအတွင်း ဆောင်းခိုငှက်မျိုးစိတ်အများကြီးအတွက် မရှိမဖြစ်လိုအပ်တဲ့ စွမ်းအင်အရင်းအမြစ်တွေဖြစ်ပြီး ငှက်တွေ ရွှေ့ပြောင်းသွားလာမှုရဲ့ အချိန်၊ ကြာချိန်နဲ့ အလုံးစုံအောင်မြင်မှုကို များစွာသက်ရောက်စေတယ်လို့ (BANCA)က ရေးသားဖော်ပြထားပါတယ်။

 

ငှက်တွေဟာ သူတို့ရဲ့ ရွှေ့ပြောင်းနေထိုင်ရာ လမ်းကြောင်းတစ်လျှောက် ခရီးတထောက် နားခိုရာ နေရာတွေဖြစ်တဲ့ လယ်ကွင်းတွေ၊ သစ်တောတွေ၊ ရေဝပ်ဒေသတွေနဲ့ နေရင်းဒေသအမျိုးမျိုးမှာ အင်းဆက်တွေကို တက်တက်ကြွကြွ ရှာဖွေလေ့ရှိကြပါတယ်။ ငှက်တွေ ရွှေ့ပြောင်းပျံသန်းတဲ့ အချိန်ဟာ ခရီးတထောက်နားရာ နေရာတွေမှာ အင်းဆက်ပိုးကောင်တွေ ပေါများနေတာနဲ့ ဆက်ပြီးခရီးနှင်ဖို့ မပြုလုပ်မီ ငှက်တွေအတွက် အာဟာရဓာတ်တွေ ဖြည့်ဆည်းပေးတဲ့ အချိန်နဲ့ တိုက်ဆိုင်နေတတ်တယ်လို့ သိရပါတယ်။

ငှက်တွေ သားပေါက်ရာ နေရာတွေနဲ့ ရွှေ့ပြောင်းပျံသန်းရာ လမ်းကြောင်းတစ်လျှောက်ရှိ အင်းဆက်ကောင်ရေတွေ ဆုံးရှုံးတာနဲ့ နှောင့်ယှက်တာတွေကြောင့် ငှက်တွေရဲ့ ရှင်သန်မှုနဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေ အလွန်အကျွံပြုလုပ်တာတွေ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနဲ့ အလင်းညစ်ညမ်းမှုလိုမျိုး အကျိုးသက်ရောက်မှုတွေကြောင့် သစ်တောတွေနဲ့ မြက်ခင်းပြင်တွေလို သဘာဝနေရာတွေဟာ အသွင်ပြောင်းတာ ဒါမှမဟုတ် ပျောက်ကွယ်လာတာတွေဟာ အင်းဆက်ကောင်ရေ ကျဆင်းလာနိုင်မှုကို ဖြစ်ပေါ်စေတယ်လို့ ရေးသားဖော်ပြထားပါတယ်။

ကမ္ဘာ့ဆောင်းခိုငှက်များနေ့ဟာ ဆောင်းခိုငှက်တွေနဲ့ သူတို့ရဲ့ နေရင်းဒေသတွေကို ထိန်းသိမ်းဖို့ လိုအပ်တယ်ဆိုတာကို မီးမောင်းထိုးပြသနေတဲ့ နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိတဲ့ အသိပညာပေး လှုပ်ရှားမှုတစ်ခုဖြစ်ပြီး ဒီနေ့ဟာ ဆောင်းခိုငှက်တွေရဲ့ ခြိမ်းခြောက်မှုတွေ၊ သူတို့ရဲ့ ဂေဟစနစ်ဆိုင်ရာ အရေးပါမှုနဲ့ သူတို့ကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တာတွေကို ကမ္ဘာလုံးဆိုင်ရာ သတိပြုမိစေဖို့ ကူညီပေးတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ – Zay Maung Thein ၊ Solo Mdy ၊ AT