ဘီးလင်းက ကျုံအိတ်တံတား မိုင်းခွဲခံရလို့ ထက်ပိုင်းကျိုး

Author လဂွန်းအိမ်
Categories
Published on May 11, 2024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းမကြီးပေါ်က ကျုံအိတ်တံတားအနီး ဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် ဒီနေ့ မေလ ၁၁ ရက် အာရုံတက်ချိန် မိုင်းခွဲခံခဲ့ရပြီး တံတားကျိုးကျခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တံတားကျိုးကျမှုကြောင့် လမ်းများပိတ်သွားခဲ့ပြီး ခရီးသွားကားများ အိမ်စီးကားများနှင့် ကုန်တင်ကားများ ပိတ်မိနေခဲ့တယ်လို့ သိရှိရပြီး စစ်ကောင်စီတပ်များ ဆုတ်ခွာနေသော်လည်း တိုက်ပွဲများ ဖြစ်ပွားနေသေးတယ် လို့လည်း သိရပါတယ်။

 

“အာရုံတက်လောက်မှာ ပေါက်ကွဲသံကြားခဲ့ရပြီး မနက်ကျမှတံတားကျိုးမှန်းသိတာပါ။ ညကလည်း တစ်ညလုံး တိုက်ပွဲတွေပြင်းထန်နေတာ။ အခု တချို့ကားတွေတော့ တောလမ်းကနေဖြတ်ကြတာရှိပါတယ်” လို့ ဒေသခံတစ်ဦးက CJ Platform ကိုပြောပါတယ်။

တံတားဖောက်ခွဲခံရမှုနဲ့ပတ်သက်ပြီး အသေးစိတ်မသိရှိရသေးဘဲ ခရီးသည်တင်ကားသေးတွေနဲ့ အိမ်စီးကားတွေကို ပြန်လှည့်သွားတာရှိကြပြီး တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ပိတ်မိနေကြတဲ့ကားများလည်းရှိကြောင်း သိရှိရပါတယ်။

 

“ကျွန်တော်က အခုလမ်းမှာပါဗျ။ အဆင်းကားတွေ ဆင်းလာတာတော့ရှိတယ်။ အခုတော့ အဲဒီနားမရောက်သေးဘူး။ ဘေးကနေသွားလို့ရလား။ အဲဒီနားရောက်မှသိရမယ်” လို့လည်း မြဝတီမှ ရန်ကုန် သို့ပြန်သွားနေတဲ့ ကားဆရာတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

အဲဒီဖြစ်စဉ်ကြောင့် ရန်ကုန်-ဘားအံ၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-မြဝတီ ခရီးစဉ်များ ခေတ္တရပ်နားထားပြီး ခရီးသည်တွေကို လက်မှတ်ခတွေပြန်အမ်းနေတယ်လို့ သိရပါတယ်။

 

ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာတည်ရှိတဲ့ ကျုံအိတ်တံတားကျိုးကျလို့ ကုန်စည်ကူးသန်းရေးနဲ့ ခရီးသွားလာရေးတို့အတွက် အခက်အခဲဖြစ်စေတယ်လို့ ဒေသခံတွေက မှတ်ချက်ပြုကြပါတယ်။

 

ကျုံအိတ်တံတားကို ပြီးခဲ့တဲ့နှစ် ဇွန်လ ၂၉ ရက်‌နေ့ကလည်း ဖောက်ခွဲခံခဲ့ရပြီး အဲဒီဖြစ်စဉ်ကို လာရောက်စစ်ဆေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီ အရာရှိတွေ၊ ခရိုင်ရဲမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ ထွေအုပ်ဝန်ထမ်းနဲ့ မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း ၂၅ ဦးလောက် ဒဏ်ရာရရှိခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ဒီနေ့မနက်ပိုင်း မိုင်းဆွဲခံရလို့ ကျိုးကျခဲ့တဲ့ ကျုံအိတ်တံတားကို တွေ့ရစဉ်