ဥကရစ်ထစခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းယူပြီးချိန် စစ်ဘေးရှောင်အချို့ နေရပ်ပြန်

ကရင်ပြည်နယ် မြဝတီမြို့တောင်ပိုင်း တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက် စစ်ဘေးရှောင်နေကြတဲ့ ဒေသခံပြည်သူအချို့ မနေ့ ဇူလိုင် ၁၃ ရက်မှာ နေရပ်ပြန်လာနေကြပြီဖြစ်တယ်လို့ စစ်ဘေးရှောင်တွေနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
မြဝတီမြို့တောင်ပိုင်း သေ့ဘောဘိုး၊ ဥကရစ်ထ၊ ဆုံဆည်းမြိုင် ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေချိန် ဒေသခံတွေဟာ ထိုင်းနိုင်ငံ ဖုတ်ဖရမြို့နယ် မော်ကိုထိုင်းရွာဘက်ကို စစ်ဘေးရှောင် ဝင်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။
အခု ဇူလိုင် ၁၂ ရက်က ဥကရစ်ထ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက သိမ်းယူပြီးချိန် ထိုင်းဘက်ရောက်နေတဲ့ စစ်ဘေးရှောင် ၁၃၀ ခန့်ဟာ နေရပ်ပြန်လာကြတာလည်း ဖြစ်တယ်လို့ သိရပါတယ်။
“သူတို့ နေရပ်ပြန်တာကြောင့် ထိုင်းစစ်တပ်နဲ့ အာဏာပိုင်တွေက လိုအပ်တာတွေ စီစဉ်ပေးခဲ့ပါတယ်” လို့ စစ်ဘေးရှောင်တွေနဲ့ နီးစပ်သူက ပြောပါတယ်။
မြဝတီမြို့တောင်ပိုင်းမှာ စစ်ကောင်စီ လက်ကျန်စခန်းတစ်ခုဖြစ်တဲ့ ဝေါလေဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်တွေက ဆက်လက် ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲလည်း ဖြစ်ပါတယ်။
မြဝတီ-ဝေါလေကားလမ်းတစ်လျှောက်မှာရှိတဲ့ စစ်ကောင်စီအထိုင်တပ်စခန်းတွေကို KNLA ပူးပေါင်းတပ်တွေက ဝေါလေတပ်စခန်းကို သိမ်းယူပြီးပါက မြဝတီမြို့တောင်ပိုင်းမှာ စစ်ကောင်စီကင်းစင်တဲ့ ဒေသတစ်ခု ဖြစ်လာတော့မှာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – ပေးပို့