စက်သုံးဆီပြတ်လပ်ပြီးနောက် စက်ဘီး ရောင်းအားတက်လာ
မြန်မာနိုင်ငံမှာ စက်သုံးဆီပြတ်လပ်ပြီး ပြင်ပပေါက်ဈေး တစ်လီတာကို တစ်သောင်းကျော် ဖြစ်လာသည့်အချိန်မှာ ရန်ကုန်မြို့မှာ စက်ဘီးဝယ်စီးသူတွေ များပြားလာပြီး စက်ဘီးတွေ အရောင်းတက်လာတယ်လို့ စက်ဘီးရောင်းချသူတွေဆီက သိရပါတယ်။
စက်သုံးဆီဆိုင်တွေက ဆိုင်ကယ်တွေကို ဆီရောင်းချမပေးတာကြောင့် ပြင်ပပေါက်ဈေးနဲ့ ဝယ်ယူရတဲ့အပြင် ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်နဲ့ ရဲတွေက မကြာခဏဖမ်းတာကြောင့် စက်ဘီးဝယ်စီးသူတွေ များလာတယ်လို့ မြောက်ဒဂုံမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ရန်ကုန်မှာ ဆိုင်ကယ်ရှိတဲ့သူတွေက ဆီဆိုင်တွေမှာ ဝယ်လို့မရဘူး။ ဝယ်လို့ရလည်း တစ်လီတာ တစ်သောင်းကျော်ဆိုတော့ အများစုက ဆိုင်ကယ်မစီးတော့ဘူး၊ စက်ဘီးပဲ ဝယ်စီးတော့တယ်။ စက်ဘီးဆိုတော့ အဖမ်းခံရမှာလည်း မပူရတော့ဘူး” လို့ ပြောပါတယ်။
အိမ်စီးကားရှိသူများအနေနဲ့ အချိန်အတော်ကြာအောင် ဆီတန်းရသည့်အတွက် အနီးအနားသွားလာရေးအတွက် အသုံးပြုနိုင်ဖို့ စက်ဘီးတစ်စီးကို ဝယ်ဆောင်ထားရတယ်လို့ ယာဉ်ပိုင်ရှင်တစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဆီတစ်ခါရဖို့ ညကတည်းက သွားတန်းစီရတာဆိုတော့ ဟိုးနားဒီနားသွားဖို့ ပိုက်ဆံရှိတဲ့သူတိုင်း ကားကို မသုံးကြတော့ဘူး၊ စက်ဘီးပဲ ဝယ်စီးကြတယ်။ ဆီကုန်လည်းသက်သာ၊ ကျန်းမာရေးအတွက် အထောက်အကူပြုတာပေါ့” လို့ ပြောပါတယ်။
စက်ဘီးဝယ်ယူရာမှာ ငွေကြေးတတ်နိုင်သူတွေက ဂျပန်ဘီးအကောင်းစားတွေ ဝယ်ယူကြပေမယ့် အများစုဟာ ဆင်ခြေဖုံးရပ်ကွက်ရှိ အပေါင်ဆိုင်တွေက အပေါင်ဆုံးစက်ဘီးတွေကိုသာ ဝယ်ယူကြတယ်လို့ စက်ရုံအလုပ်သမားတစ်ဦးက CJ Platform ကို ပြောပါတယ်။
“တတ်နိုင်တဲ့သူတွေကတော့ ဂျပန်ဘီးအသစ်တွေ ဝယ်တာပေါ့။ ညီမတို့က အပေါင်ဆိုင်က အပေါင်ဆုံးစက်ဘီးတွေပဲ ဝယ်စီးတယ်။ ဒါတောင် နှစ်သိန်းနီးပါး ပေးရတယ်” လို့ ပြောပါတယ်။
စက်သုံးဆီပြတ်လပ်မှု မရှိခင်က စက်ဘီးတစ်စီးကို တစ်သိန်းခွဲ၊ သုံးသိန်းခွဲ ဈေးရှိရာမှ အခု စက်ဘီးတစ်စီးကို နှစ်သိန်းခွဲကနေ ငါးသိန်းအထိရှိပြီး ဘက်ထရီစက်ဘီးတွေဟာ ဆယ်သိန်းကနေ ဆယ်သိန်းကျော်အထိ ဈေးရှိတယ်လို့ စက်ဘီးရောင်းချသူတစ်ဦးက CJ Platform ကို ရှင်းပြပါတယ်။
“စက်သုံးဆီကိစ္စ မဖြစ်ခင်က စက်ဘီးဈေးက အဲ့လောက်မဟုတ်ဘူး။ ဆီကိစ္စဖြစ်ပြီးမှ အဝယ်လိုက်လာသလို ဈေးလည်းတက်သွားတယ်။ ရိုးရိုးဘီးတွေဆို နှစ်သိန်းကျော်၊ ဂျပန်ဘီးတွေဆို သုံးသိန်းကျော်ကနေ ၆ သိန်းအထိရှိတယ်။ ဘက်ထရီဘီးက ဆယ်သိန်းကနေ ၁၈ သိန်းအထိ ဈေးရှိတယ်” လို့ ပြောပါတယ်။
အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခ ပြဿနာတွေကြောင့် မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတ်လ ၃ ရက်ကစပြီး စုံ/မ စနစ်ကို သတ်မှတ်ကာ စက်သုံးဆီခွဲတမ်းကို QR ကုတ် စကင်ဖတ်ပြီး ပေးနေပေမယ့် ဆီမရတဲ့သူတွေရှိလို့ စက်သုံးဆီ ပြင်ပပေါက်ဈေးဟာ တစ်လီတာကို ၁၀,၀၀၀ ကနေ ၁၂,၀၀၀ အထိ မြင့်တက်လာတာ ဖြစ်ပါတယ်။
