ရန်ကုန်မှာ အုပ်ကြီးတွေနဲ့ ပွဲစားတွေ ပူးပေါင်းပြီး အိမ်ခြံမြေလိမ်လည်ရောင်းနေတာကြောင့် ဝယ်ယူမိသူတွေ တရားစွဲခံနေရ

Author CJ Platform
Categories
Published on Apr 11, 2026

ကျောတစ်ခင်းစာတစ်နေရာရဖို့ ခက်ခဲတဲ့ရန်ကုန်မြို့မှာ မသိနားမလည်တဲ့ အခြေခံလူတန်းစားတွေကို အိမ်ခြံမြေ လိမ်လည်မှု ရောင်းချမှုတွေတာကြောင့် တရားရင်ဆိုင်ရသူတွေရှိတယ်လို့ ရန်ကုန်မြို့ခံပြည်သူတွေဆီက သိရပါတယ်။

 

အထောက်အထားအပြည့်အစုံမရှိတဲ့ အိမ်ခြံမြေတွေကို ရပ်ကွက်အုပ်ချုပ်ရေးနဲ့ ပွဲစားတွေပေါင်းပြီး ရောင်းချရာ ဝယ်ယူခဲ့သူတွေအနေနဲ့ အိမ်ပေါ်က ဆင်းပေးရသလို တရားရင်ဆိုင်ခဲ့ရတယ်လို့ မင်္ဂလာဒုံမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ရန်ကုန်မှာ မိသားစုလိုက် အလုပ်လာလုပ်တာ ၈ နှစ်ရှိပြီ။ အိမ်ငှားခက တစ်လကို နှစ်သိန်းခွဲရှိတယ်။ အိမ်ငှားဘဝက ဝဋ်ကျွတ်အောင်ဆိုပြီး ထောက်ကြန့်ဘက်မှာ သိန်း ၂၅၀ နဲ့ အိမ်ဝယ်လိုက်တယ်။ ဝယ်ပြီး ခြောက်လလောက်ကြာတော့ ပိုင်ရှင်ရောက်လာပြီး ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲတယ်။ တရားစွဲတဲ့အခါ ကျွန်မတို့ဆီမှာရှိတဲ့ ပါမစ်က အတုဖြစ်နေတယ်။ ဝယ်တုန်းက အုပ်ချုပ်ရေးမှူး အာမခံလို့ ဝယ်လိုက်တာ။ အမှုဖြစ်တော့ အုပ်ချုပ်ရေးမှူး ရှောင်ထွက်သွားရော” လို့ ပြောပါတယ်။

 

တောင်ဒဂုံမြို့နယ် ၁၀၄ ရပ်ကွက်တွင် နှစ် ၆၀ ဂရန်နဲ့နေအိမ်ကို သိန်း ၁၅၀၀ နီးပါးနဲ့ ဝယ်ယူနေထိုင်ခဲ့ပြီးနောက် တစ်နှစ်အကြာတွင် ဂရန်ကို အမည်ပေါက်လျှောက်ရန် သတင်းစာတွင် ထည့်သွင်းကြေညာစဉ် ပိုင်ရှင်ပေါ်လာ၍ အမှုရင်ဆိုင်နေရတယ်လို့ တောင်ဒဂုံမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“အိမ်ပိုင်ရှင်ဆိုပြီး ဂရန်မိတ္တူနဲ့ ရောင်းတယ်။ မိတ္တူဆိုပေမယ့် မြို့တော်စည်ပင်က ထုတ်ပေးထားတာ။ ဝယ်ပြီး တစ်နှစ်လောက်နေတော့ အမည်ပေါက်ပြောင်းဖို့လုပ်တော့ ပိုင်ရှင်အစစ်ကပေါ်လာပြီး ကန့်ကွက်ရော။ ရုံးမှာရှင်းတော့ သူက မူလအမည်ပေါက်ပိုင်ရှင်၊ ကိုယ့်လက်ထဲမှာရှိတာက ဂရန်မိတ္တူဆိုတော့ မြွေပါလည်းဆုံး သားလည်းဆုံးဘဝကို ရောက်သွားတယ်” လို့ ပြောပါတယ်။

 

အိမ်ခြံမြေဝယ်ယူရာတွင် မြေယာကိစ္စနဲ့ပတ်သက်၍ တတ်ကျွမ်းနားလည်သူများနဲ့ တိုင်ပင်သင့်သလို ရှေ့နေများနဲ့လည်း ဆွေးနွေးအကြံတောင်းသင့်ကြောင်း အိမ်ခြံမြေလုပ်ကိုင်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“မြေမှာ ဘိုးဘွားပိုင်မြေ၊ ဂရန်မြေ၊ လယ်ယာမြေ၊ ပါမစ်၊ စလစ်မြေဆိုတာရှိတယ်။ ဘိုးဘွားပိုင်မြေကတော့ အခိုင်အမာဆုံးပဲ။ ဘိုးစဉ်ဘောင်ဆက် ဓားမဦးချကတည်းက အစဉ်အဆက်နေလာတဲ့မြေကို ပြောတာ။ ဂရန်မြေကလည်း အမျိုးအစားအများကြီးရှိတယ်။ ၁၀ နှစ်ဂရန်၊ နှစ် ၃၀ ဂရန်၊ နှစ် ၆၀ ဂရန်၊ နှစ် ၉၀ ဂရန်။ ရန်ကုန်မှာက နှစ် ၆၀ ဂရန်တွေများတယ်။ ဂရန်ထဲမှာလည်း ဂရန်ကတုံးနဲ့ ဂရန်မိတ္တူဆိုတာရှိသေးတယ်။ ပါမစ်ဆိုတာ အစိုးရမြေမှာ နေထိုင်ခွင့်ရတဲ့မြေပါ၊ တစ်ဆင့်ပြန်ရောင်းလို့မရဘူး၊ ခေတ်ကာလအလျောက် လူတွေက ရောင်းနေကြတာ။ စလစ်မြေက ကျူးကျော်တွေကို နေရာပေးတဲ့ မြေအမျိုးအစားပါ။ လယ်မြေနဲ့ လယ်ယာမြေကလည်း မတူဘူး။ လယ်မြေဆိုတာ စပါးတစ်မျိုးတည်းစိုက်ဖို့ အစိုးရက ခွင့်ပြုထားတာ။ လယ်ယာမြေကျတော့ သီးနှံအမျိုးမျိုး စိုက်လို့ရတယ်။ လယ်ယာမြေကို အခြားနည်းအဖြစ် သုံးချင်ရင် တိုင်းအစိုးရမှာ လယ ၃၀ လျှောက်ပြီး သုံးလို့ရတယ်။ ဒါကြောင့် မြေဝယ်မယ်ဆိုရင် တတ်ကျွမ်းနားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီးဝယ်သင့်တယ်။ နောက်မို့ဆို လိမ်ရောင်းတဲ့သူ ဂျင်းထည့်တာခံရမယ်” လို့ ရှင်းပြပါတယ်။

 

ဒီလို လိမ်လည်ရောင်းချနေသူတွေကြောင့် ပြည်သူတွေ တရားရင်ဆိုင်နေရပေမယ့် ရန်ကုန်တိုင်းအတွင်းရှိ ဆင်ခြေဖုံးရပ်ကွက်တွေမှာ ပွဲစားတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လယ်မြေတွေကို အကွက်ရိုက်ရောင်းချနေပြီး အာဏာပိုင်တွေက တားဆီးတာမရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။

 

 

စစ်တပ်အာဏာသိမ်းပြီး ငါးနှစ်တာကာလအတွင်း ရန်ကုန်တိုင်းအတွင်းရှိ မင်္ဂလာဒုံခရိုင်၊ ဒဂုံမြို့သစ်ခရိုင်၊ လှည်းကူးခရိုင်၊ တွံတေးခရိုင်နဲ့ မရမ်းကုန်းခရိုင်မှာ မြေယာပြဿနာကြောင့် အမှုရင်ဆိုင်နေရသူ ၃၀၀ နီးပါးရှိတယ်လို့ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။