နေပြည်တော် အေလာလေဆိပ်ကို ထပ်မံတိုက်ခိုက်၊ စစ်ကောင်စီ အရာရှိနှင့် တပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံးပြီး ဂျက်ဖိုက်တာအပါအဝင် ထိခိုက်ပျက်စီးမှုများရှိဟုဆို

Author လဂွန်းအိမ်၊ မင်းထက်
Categories
Published on Apr 11, 2024

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အေလာမြို့ရှိ စစ်ကောင်စီ၏ အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် ယနေ့နံနက်အစောပိုင်းက ပစ်ခတ်တိုက်ခိုက်ရာတွင် စစ်ကောင်စီ အရာရှိနှင့် တပ်ဖွဲ့ဝင် စုစုပေါင်း(၁၇)ဦးအထိသေဆုံးပြီး အများအပြားထိခိုက်ပျက်စီးခဲ့ကြောင်း ပစ်ခတ်တိုက်ခိုက်မှုတွင် ပါဝင်သော Mountain Knights – Civilian Defence Force(MKCDF)မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

 

ယနေ့ ဧပြီလ ၁၁ ရက် နံနက် ၄ နာရီ ၄၅ ခန့်တွင် အေလာလေတပ်စခန်းအတွင်းသို့ ၁၀၇ (မမ)ဗုံးသီး ခုနစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရာရှိ ငါးဦး၊ တပ်သား ၁၂ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရသည့်အပြင် ဂျက်ဖိုက်တာလေယဉ်တစ်စင်း၊ စစ်ကားသုံးစီး၊ အဆောက်အအုံများ၊ ပရိဘောဂပစ္စည်းအများအပြားပျက်စီးကြောင်း တပ်အတွင်းသတင်းအရ စုံစမ်းသိရှိရသည်ဟု ၎င်းက ပြောသည်။

 

ပိုမိုတိတိကျကျသိရှိစေရန်လည်း ဆက်လက်စုံစမ်းနေကြောင်း အထက်ပါတာဝန်ရှိသူ၏ ပြောဆိုချက်အရ သိရသည်။ စစ်ကောင်စီ ထိခိုက်သေဆုံးမှုများကို CJ Platform အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

 

ထိုသို့တိုက်ခိုက်ခံရမှုအပြီး စစ်ကောင်စီတပ်သည် လေယာဉ်ဖြင့် လိုက်လံရှာဖွေခြင်းများပြုလုပ်ခဲ့ကြောင်း MKCDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

“ဒီမတိုင်ခင် လောလောလတ်လတ်မှာတင် အေလာလေဆိပ်က တိုက်ခိုက်ခံထားရတာလည်းရှိတော့ လုံခြုံရေးက အတော်ကိုကြပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မူလသတ်မှတ်ထားတဲ့ရက်ထက် အများကြီးနောက်ကိုဆုတ်ပြီးလုပ်ခဲ့ရတာပါ။ ညကလည်း ညဦးပိုင်းကတည်းကလုပ်ဖို့ပါပဲ။ မိုးတွေအရမ်းရွာနေလို့ မနက်ပိုင်းမှ လုပ်ဖြစ်ခဲ့တာပါ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် ၎င်းက ပြောသည်။

 

ယင်းတိုက်ခိုက်မှုကို Brave Warriors For Myanmar(BWM)အဖွဲ့၏ စီမံမှုဖြင့် MKCDF အဖွဲ့တို့က ပူးပေါင်းတိုက်ခဲ့ခြင်းဖြစ်သည်။

 

“အခုမစ်ရှင်ကို ခက်ခက်ခဲခဲလုပ်ခဲ့ရတာပါ။ တစ်လကျော်အချိန်ယူပြီး ပြင်ဆင်ခဲ့ရပါတယ်။ ကျေနပ်အားရမှုတော့ရှိပါတယ်။ စစ်ခေါင်းဆောင်တွေရဲ့ အလုံခြုံဆုံးလို့ထင်ရတဲ့နေရာတွေက တော်လှန်ရေးအင်အားစုတွေရဲ့ ပစ်မှတ်လက်တစ်ကမ်းကို ရောက်လာနေပြီဆိုတဲ့သဘောပါပဲ။ သူတို့အတွက် ဘယ်မှာမှ မလုံခြုံနိုင်တော့ပါဘူး” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

 

အဆိုပါစစ်ကောင်စီလေတပ်စခန်းသည် လုံခြုံရေးအတင်းကြပ်ဆုံးနှင့် နိုင်ငံအနှံ့လေကြောင်းတိုက်ခိုက်မှုများတွင် စစ်ကောင်စီအားအထားရဆုံးလေတပ်ဖြစ်သည်။

 

ယနေ့ ဧပြီလ ၁၁ ရက်နေ့တွင် ကျရောက်သော MKCDF အဖွဲ့တည်ထောင်မှု ၂ နှစ်ပြည့်ကာလအထိ စစ်ကောင်စီကိုတော်လှန်နေသူများနှင့် တစ်သွေးတည်းရှိကြောင်း သက်သေပြသည့်အနေဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

 

နေပြည်တော်၊ အေလာမြို့အနီး အေလာကျေးရွာအုပ်စု၊ ရေလယ်ကွေ့နှင့် ကမ္ဘာ့ရှမ်းကျေးရွာအကြားရှိ ထန်းတောအနီးမှ ဦးဝင်းရွှေ၏ တောင်ယာတဲအနီးတွင် အမျိုးအစားစိစစ်ဆဲ PVC ပိုက်ဖြင့်ပြုလုပ်ထားသော ဆိုင်ကယ်ဘက်ထရီအိုးပါ ရှော့တိုက်ဒုံး (၃)လုံးကို နံနက် (၆) နာရီ (၄၅) မိနစ်ခန့်က တွေ့ရှိခဲ့သည့်အပြင် အဆိုပါ ရှော့တိုက်ဒုန်းများအနီး ပေါက်ကွဲပြီး ရှော့တိုက်ဒုန်းအခွံ (၄)လုံးကိုလည်း ထပ်မံတွေ့ရှိခဲ့ရသည်ဟု စစ်ကောင်စီ လက်အောက်ခံသတင်းဌာနများနှင့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည်။

 

ဧပြီလ ၄ ရက် နံနက်ပိုင်းက နေပြည်တော် အေလာလေတပ်နှင့် စစ်ရုံးချုပ်တို့ကို ကာမီကာဇေ(ခေါ်)အသေခံဒရုန်းများဖြင့် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ကြသည်။ ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။

 

စစ်ကောင်စီဘက်က နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်လေဆိပ်အရှေ့ဘက်နှင့် ဇေယျာသီရိမြို့နယ် အရှေ့တောင်ဘက်တို့က ပျံသန်းဝင်ရောက်လာသည့် ဒရုန်းခုနစ်စင်းကို လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချနိုင်ခဲ့ပြီး ထိုပစ်ချမှုကြောင့် လူနှင့် အဆောက်အအုံများထိခိုက်ပျက်စီးမှုမရှိကြောင်း ထုတ်ပြန်ခဲ့သည်။

 

ဓာတ်ပုံ –  ပုံဟောင်း