မြဝတီသို့ စစ်ကူရန် စစ်ကောင်စီယာဉ်တန်းများတက်လာနေ

Author ကိုထားဝယ်
Categories
Published on Apr 11, 2024

ကရင်ပြည်၊ မြဝတီမြို့စောင့်တပ်လက်လွှတ်လိုက်ရပြီးနောက် စစ်ကူရန် စစ်ကောင်စီတပ်များ လမ်းကြောင်းအမျိုးမျိုးမှ မြဝတီမြို့သို့ တက်လာနေကြကြောင်း ဒေသခံသတင်းရင်းမြစ်များ၏ ပြောကြားချက်ကိုအခြေခံ၍ ဒေသတွင်းသတင်းများတွင် ဖော်ပြသည်။

စစ်ကူယာဉ်တန်းသည် ကျုံဒိုးချောင်းဖျားမှ ထို့ကော်ကိုး လမ်းကြောင်းနှင့် ကျုံဒိုးမှ ကော့ကရိတ်မြို့ လမ်းကြောင်းဟူ၍ တက်လာနေကြခြင်းဖြစ်ကြောင်း ကျုံဒိုးမြို့ဒေသခံများ၏ ပြောကြားမှုကို KIC သတင်းဌာနက ဖော်ပြသည်။

 

“စစ်ကားတွေက ကျုံဒိုးချောင်းဖျားဘက်လည်း တချို့တက်တယ်။ နွားခြံကုန်းဘက်လည်း တချို့တက်နေပြီး ကျုံဒိုးမှာလည်း ကျန်နေသေးတယ်။ သူတို့က သွားရင်းတပ်ချထားပြီး ဖြည်းဖြည်းတက်နေတယ်” ဟု ၎င်း ကျုံဒိုးမြို့ခံက KIC သို့ပြောသည်။

 

ကားအစီးရေ ၂၀ စီးကျော်ပါရှိသည့် ထိုစစ်ကောင်စီယာဉ်တန်းသည် ယမန်နေ့ ဧပြီ ၁၀ ရက် ညပိုင်းက ကျုံဒိုးမြို့အကျော်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ စောင့်ကြိုတိုက်ခိုက်မှုများခံရသေးကြောင်း ဒေသခံများက ပြောသည်။

 

ထိုစစ်ကောင်စီတပ်သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်များ၏ ပိတ်ဆို့တားဆီးမှုကို လမ်းကြောင်းရှင်းသည့်အနေဖြင့် ၎င်းတို့တက်လာသည့်လမ်းတစ်လျှောက် လက်နက်ကြီး/လက်နက်ငယ်များ ပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြရသည်။

 

ဒေသခံအချို့မှာလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြပြီး လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

“စစ်တပ်ကား‌တွေ မြဝတီမြို့ကိုတက်ဖို့ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ပြီး လမ်းကြောင်း ရှင်းနေတယ်။ လေယာဉ်လည်း အဆက်မပြတ်ကင်းလှည့်ကြည့်နေတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေလည်း အများကြီးဆင်းလာပြီး စောင့်နေတယ်” ဟု ဒေသခံတစ်ဦးက Karen Information Center(KIC)သို့ ပြောသည်။

 

မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ရင်းကို ယနေ့ နံနက်အစောပိုင်းတွင် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်သည်။ ထိုတပ်ရင်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀၀ ကျော် မြဝတီမြို့ အမှတ် ၂ တံတားမှတစ်ဆင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်