စစ်ရှောင်ရာမှ ပြန်လာသည့်လင်မယားကို PNO ပြည်သူ့စစ် အကြောင်းမဲ့ ပစ်ခတ်၍ အမျိုးသမီးသေဆုံး
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ဆီဆိုင်မြို့နယ်၊ နောင်သိမ်ရွာက လင်မယား စစ်ရှောင်ရာမှပြန်လာစဉ် ပအိုဝ်းပြည်သူ့စစ်(PNO)က ယမန်နေ့ ဧပြီ ၁၀ ရက်တွင် အကြောင်းမဲ့၍ အမျိုးသမီးသေဆုံးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီ ၈ ရက်က စစ်ကောင်စီတပ်သည် နောင်သိမ်ရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံများ ဘေးလွတ်ရာရှောင်တိမ်းခဲ့ကြရသည်။
နောင်သိမ်ရွာခံ ဒေါမူ(၃၇)နှစ်နှင့် ယောကျ်ားတို့သည် စစ်ရှောင်နေရာမှ ယမန်နေ့ နံနက် ၆ နာရီခန့်က ရွာဘက်သို့ ပြန်လာစဉ် တောတွင်းတစ်နေရာ၌ PNO ပြည်သူ့စစ်ပတ်ကင်းနှင့်တွေ့ကာ ပစ်ခတ်ခံရပြီးနောက် အမျိုးသမီးသေဆုံးပြီး အမျိုးသား ဉီးယောင်မှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း PNLA သတင်းတာဝန်ခံ ခွန်ရိန်းယံက CJ Platform သို့ပြောသည်။
“စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ရက်မှာ လက်နက်ကြီးတွေ တင့်ကားတွေနဲ့ ပစ်ခတ်တော့ ရွာကနေ စစ်ရှောင်ကြရတာပေါ့။ ဧပြီ ၁၀ ရက်က ပြန်လို့ရပြီဆိုပြီး ပြန်လာကြတဲ့အချိန် PNO ပြည်သူ့စစ်နဲ့ တိုးပြီး ပစ်သတ်ခံခဲ့ရတာ” ဟု ၎င်းက ပြောသည်။
သေဆုံးအလောင်းကို ဧပြီ ၁၀ ရက် နံနက် (၉) နာရီခန့်တွင် ဒေသခံတော်လှန်ရေးပူးပေါင်းတပ်များမှ သွားရောက်သယ်ဆောင်ပေးခဲ့သည်ဟု ခွန်းရိန်းယံက ဆက်ပြောသည်။
အပြစ်မဲ့ပြည်သူများကို ယခုကဲ့သို့ ပစ်ခတ်သတ်ဖြတ်ခြင်းကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ မကြာခဏကျူးလွန်လေ့ရှိသောကြောင့် ဒေသခံများအနေဖြင့် သတိထားသွားလာနေထိုင်ကြရန် ခွန်ရိန်းယံက ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၈ ရက်ကလည်း စစ်ကောင်စီသည် ဆီဆိုင်မြို့နယ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် တွေပူးကျေးရွာသို့ကျရောက်ပေါက်ကွဲခဲ့ပြီး ဆယ်တန်းကျောင်းသူ မနန်းစိန်မြ သေဆုံးခဲ့ရသည်။
ဓာတ်ပုံ- ပေးပို့