မြဝတီက နောက်ဆုံးတပ် ခလရ-၂၇၅ ကို KNLA နှင့်ပူးပေါင်းအဖွဲ့များသိမ်းပိုက်

Author ကိုထားဝယ်
Categories
Published on Apr 11, 2024

ကရင်ပြည်၊ မြဝတီမြို့တွင် နောက်ဆုံးကျန်ရှိသော စစ်ကောင်စီတပ် ခလရ−၂၇၅ ကို လေးရက်မြောက်သည့် ယနေ့ နံနက်အစောပိုင်းတွင် သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်သည်။

မြဝတီ မြို့စောင့်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)နှင့် PDF ပူးပေါင်းအဖွဲ့များက ဧပြီလ ၈ ရက်နေ့က စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် ယနေ့ ဧပြီ ၁၁ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်ခန့်တွင်  အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

ထိုတိုက်ပွဲအတွင်း လက်နက်ခဲယမ်း အမြောက်အများအားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ခလရ ၂၇၅ တပ်ရင်းသည် လက်နက်ချအညံ့ခံရန် နှစ်ဖက်ညှိနှိုင်းခဲ့ကြသော်လည်း စစ်ကောင်စီတပ်သားများက ငြင်းဆန်ခဲ့ပြီးနောက် စစ်ကူများလာရောက်နိုင်ရန် ခုခံတိုက်ခိုက်ခဲ့သဖြင့် တော်လှန်ရေးအင်အားစုများဘက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KNU က ဆိုသည်။

ထိုစခန်းသိမ်းတိုက်ပွဲအတွင်း စခန်းစွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဝ ဦးကျော် ထိုင်း-မြန်မာ နှစ်နိုင်ငံ အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်တွင် ရောက်ရှိနေကြပြီး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ခိုလှုံခွင့်ပေးရန် တောင်းခံနေသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်အချို့၏ ပြောဆိုမှုကို KNU က ဖော်ပြသည်။

လက်ရှိ မြဝတီမြို့ရှိ အာဏာသိမ်းစစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပြီး ကျန်ရှိနေသော စစ်ကောင်စီအကြွင်းအကျန်များကို ဆက်လက်ရှင်းလင်းသွားမည်ဖြစ်သည့်အတွက် ပြည်သူလူထုများအနေဖြင့် ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိဘဲ ပူးပေါင်းလုပ်ဆောင်ပေးရန် KNU က အသိပေးထုတ်ပြန်လိုက်သည်။

 

ယနေ့နံနက်အစောပိုင်းတွင် မြဝတီမြို့နယ် အမှတ် ၂ တံတားတွင် ခလရ ၂၇၅ တပ်မှ စစ်ကောင်စီတပ်သား ၂၀၀ ကျော် ထွက်ပြေးခိုလှုံနေကြောင်း သိရသည်။

 

ဓာတ်ပုံ – KNU