လောင်စာဆီအခက်အခဲဖြစ်နေကြောင်း မင်းအောင်လှိုင် ဝန်ခံ

Author CJ Platform
Categories
Published on Mar 11, 2026

အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် မြန်မာနိုင်ငံတွင်းမှာ လောင်စာဆီအခက်အခဲ ဖြစ်ပေါ်နေပြီး လောင်စာဆီ သုံးစွဲမှုကို လျှော့ချနိုင်ဖို့ လုပ်ဆောင်နေရတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က မတ် ၁၀ ရက်က နေပြည်တော်ဆွေးနွေးပွဲမှာ ဝန်ခံပြောဆိုခဲ့ပါတ

 

၂၀၂၁ – ၂၀၂၅ ခုနှစ်ကာလအတွင်း စစ်ခေါင်းဆောင်က သူတို့လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ နိုင်ငံတော်စီမံကိန်းတွေနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ဆွေးနွေး ပြောဆိုချိန် လောင်စာဆီပြဿနာကို ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး လောင်စာဆီအခက်အခဲကို ဖြေရှင်းဖို့ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။

 

“ကမ္ဘာ့နိုင်ငံတွေနည်းတူ မိမိတို့နိုင်ငံမှာလည်း လောင်စာဆီအခက်အခဲ ဖြစ်ပေါ်လျက်ရှိကြောင်း၊ လောင်စာဆီ သုံးစွဲနေမှုကို မလိုအပ်တဲ့နေရာတွေမှာ တတ်နိုင်သမျှ လျှော့ချဖို့ နည်းလမ်းတွေရှာပြီး ဆောင်ရွက်နေရကြောင်းနဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ လိုအပ်ကြောင်း” စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။

 

ပြည်တွင်းမှာ စက်သုံးဆီဂါလန် သန်းပေါင်း ၇၀ ကျော်ရှိနေပြီး ဒါဟာ ရက်ပေါင်း ၄၀ စာ ရှိနေသေးတာကြောင့် စက်သုံးဆီပြတ်လပ်မှုအခက်အခဲ မရှိဘူးလို့ စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခု မတ် ၄ ရက် ထုတ်ပြန်ပြောဆိုခဲ့ပေမယ့် စစ်ခေါင်းဆောင်က မနေ့က မတ် ၁၀ ရက် နေပြည်တော်တွေ့ဆုံပွဲမှာ လောင်စာဆီအခက်အခဲ ဖြစ်ပေါ်နေကြောင်း ဝန်ခံပြောဆိုခဲ့တာပါ။

 

ဒါ့အပြင် စစ်ကော်မရှင်လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနကလည်း သီလဝါဆိပ်ကမ်းမှာ လောင်စာဆီတင်သင်္ဘော ၂ စင်းရှိနေပြီး လမ်းခရီးမှာ ၆ စင်းနဲ့ ဆီတင်ဖို့ စောင့်ဆိုင်းနေတဲ့ သင်္ဘော ၈ စင်းတို့နဲ့ ထပ်မံဖြည့်တင်းသွားဖို့ ရှိနေတာကြောင့် ပြည်တွင်းမှာ စက်သုံးဆီပြတ်လပ်မှု မဖြစ်ပေါ်နိုင်ဘူးလို့ မတ် ၄ ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။

 

လောင်စာဆီအခက်အခဲကို လျှော့ချနိုင်ဖို့ စစ်ခေါင်းဆောင်က မနေ့က ဆွေးနွေးပွဲမှာ ထည့်သွင်းပြောဆိုခဲ့ပြီး EV ကားတွေကို ပိုမိုအသုံးပြုနိုင်ဖို့ကိုလည်း ထပ်မံတိုက်တွန်းခဲ့ပါသေးတယ်။ လောင်စာဆီတင်သွင်းမှု အခက်အခဲကြောင့် စက်သုံးဆီသုံး အိမ်စီးမော်တော်ယာဉ်တွေကို စုံ၊ မ ခွဲခြားကာ ရက်အကန့်အသတ်နဲ့ မောင်းနှင်ဖို့ စစ်ကော်မရှင်က အခု မတ် ၃ ရက်မှာ ထုတ်ပြန်ထားပေမယ့် EV ကားတွေကို ကန့်သတ်ထားမှု မရှိပါဘူး။

 

EV ကား အသုံးပြုရေးကို စစ်ကော်မရှင်က အရှိန်မြှင့်လုပ်ဆောင်နေသလို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ အခု မတ် ၅ ရက် ထုတ်ပြန်ချက်အရ ၂၀၂၆ ဖေဖော်ဝါရီလကုန်အထိ ပြည်တွင်းမှာ EV ကားအစီးရေ ၃၂,၉၃၈ စီးအထိ ရှိလာပြီး EV ကား မောင်းနှင်သူတွေကို လမ်းကြေးပေးဆောင်ဖို့ ကင်းလွတ်ခွင့် ပြုထားပါသေးတယ်။

 

ဓာတ်ပုံ – Pro-SAC