၂၀၀၈ ခြေဥကို ပြင်ဆင်ဖို့ရှိလာနိုင်တယ်လို့ မင်းအောင်လှိုင်ပြော
စစ်အုပ်စုက သူတို့စိတ်တိုင်းကျ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ခေတ်စနစ်နဲ့အညီ ပြုပြင်ဖို့ရှိနိုင်ပြီး ဥပဒေရေးဆွဲရာမှာ အရှည်မြော်တွေးပြီး ဘက်ပေါင်းစုံကနေ စဉ်းစားရေးဆွဲဖို့ လိုအပ်တယ်လို့ မနေ့က မတ် ၁၀ ရက် နေပြည်တော်ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။
၂၀၂၂ ခုနှစ်ကာလနောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအတွက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေအပါအဝင် အဖွဲ့အစည်းပေါင်းစုံနဲ့ တွေ့ဆုံညှိနှိုင်းမှု ၁၄၉ ကြိမ်အထိ လုပ်ဆောင်ခဲ့တယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုထားပြီး EAOs တွေရဲ့ တောင်းဆိုမှုတွေထဲမှာ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စရပ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
လက်ရှိကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ၁၉၉၁ ခုနှစ် အမျိုးသားညီလာခံကနေ စတင်အခြေပြု ရေးဆွဲခဲ့တာဖြစ်တာကြောင့် လက်ရှိခေတ်စနစ်နဲ့အညီ ပြုပြင်ဖို့ရှိနိုင်ပြီး ခိုင်မာတဲ့ အခြေခံဥပဒေရှိပါက အခြားအဓိကကျတဲ့ ဥပဒေတွေကို ရေးဆွဲရာမှာလည်း အရေးပါတဲ့ အချက်တစ်ခုအနေနဲ့ ရှိနေမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အခြေခံဥပဒေပြင်ဆင်ဖို့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်က နေပြည်တော်မှာ ပြုလုပ်တဲ့ ၂၀၂၁ – ၂၀၂၅ ခုနှစ်ကာလအတွင်း သူတို့လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ နိုင်ငံတော်စီမံကိန်းတွေနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာလည်းဖြစ်ပြီး အခုကာလအတွင်း ဆွေးနွေးခဲ့တဲ့ အချက်တွေကို လာမယ့်လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဆုံးဖြတ်ဖို့အတွက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ်ကာလနောက်ပိုင်း စစ်ကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အဖွဲ့တွေထဲမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ EAOs အဖွဲ့တွေနဲ့ ၈၉ ကြိမ်၊ NCA လက်မှတ်မထိုးထားတဲ့ EAOs အဖွဲ့တွေနဲ့ ၂၅ ကြိမ်၊ နိုင်ငံရေးပါတီတွေနဲ့ ၂၂ ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေနဲ့ ၁၃ ကြိမ်နဲ့ စုစုပေါင်း ၁၄၉ ကြိမ် ဆွေးနွေးခဲ့တယ်လို့လည်း ပြောဆိုထားပါသေးတယ်။
၂၀၂၁ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းတယ်လို့ တော်လှန်ရေးအင်အားစုတွေကလည်း ကြေညာထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အာဏာရှင်ဟောင်း ဦးသန်းရွှေ စိတ်တိုင်းကျရေးဆွဲထားတဲ့ ဥပဒေတစ်ခုဖြစ်ပြီး၊ စစ်တပ်ရဲ့ အကျိုးစီးပွားနဲ့ အာဏာကို ကာကွယ်နိုင်ရေးအတွက် အဓိက ထည့်သွင်းရေးဆွဲထားတဲ့ ဥပဒေတစ်ခုပဲဖြစ်ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
