တော်လှန်ရေးရဲဘော်တွေ၊ တပ်ဖွဲ့တာဝန်ရှိတွေရဲ့ ၂၀၂၅ နှစ်သစ်အတွက် ဆုတောင်းစကားများ

ဒီကနေ့ဟာ ၂၀၂၅ နှစ်သစ်ရဲ့ ပထမဦးဆုံးနေ့မြတ်ဖြစ်ပါတယ်။ မြန်မာပြည်သူ/ပြည်သားတွေအပါအဝင် ကမ္ဘာသူ/ကမ္ဘာသားတွေရဲ့ နှစ်သစ်မင်္ဂလာဖြစ်ပါစေလို့ CJ Platform ဝိုင်းတော်သားတွေက ဦးစွာ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်။
CJ Platform ကို အစဉ်တစိုက်အားပေးနေသူတွေနဲ့ တိုင်းရင်းသားတွေနဲ့စုံလင်ကွဲပြားနေတဲ့ မြန်မာပြည်သူ/ပြည်သားအားလုံးအတွက် တော်လှန်ရေးရဲဘော်တွေ၊ တပ်ဖွဲ့တာဝန်ရှိတွေကလည်း ၂၀၂၅ နှစ်သစ်အတွက် ဆုမွန်ကောင်းတွေ တောင်းပေးထားပါတယ်။
****************************************
အာရက္ခတပ်တော် AA အမျိုးသမီးစစ်သည်တစ်ဦး
ရခိုင်ပြည်က ပြည်သူတွေနဲ့ တပ်တော်ကို ထောက်ခံတဲ့ အခြားဒေသကပြည်သူတွေကိုလည်း ကျေးဇူးတင်တယ်ပြောချင်ပါတယ်။ အိုးအိမ်စွန့်ခွာပြီး ပြည်သူတွေ ဘေးလွတ်ရာမှာ ခက်ခက်ခဲခဲနေရတာကိုလည်း သိပါတယ်။ ခဏသည်းခံပေးပါ။ နှစ်သစ်မှာတော့ အားလုံးပျော်ရွှင်ရတော့မှာပါ။ ၂၀၂၄ မှာ မြို့နယ်အားလုံးနီးပါးထိကို သိမ်းနိုင်တယ်ပြောလို့ရပါတယ်။ မသိမ်းနိုင်သေးတာ သုံးမြို့ပဲကျန်တာပါ။
၂၀၂၅ မှာ ဒီမြို့တွေကိုပါသိမ်းပိုက်ပြီး ပြည်သူတွေကို လွတ်လပ်တဲ့အရသာကိုပေးနိုင်တော့မှာပါ။ အချိန်တိုအတွင်း ဒီလောက်ထိအောင်မြင်မှုရခဲ့တာက အိပ်မက်မက်နေသလိုပါပဲ။ အရမ်းကျေနပ်မိပါတယ်။ ရခိုင်ပြည်သူတွေအပါအဝင် အခြားတိုင်းရင်းသားတွေကိုလည်း သည်းခံပါ။ နှစ်သစ်မှာ အားလုံးပျော်ရွှင်ရတော့မှာလို့ ပြောချင်ပါတယ်။
****************************************
AA နဲ့နီးစပ်သူတစ်ဦး
၂၀၂၄ ခုနှစ်မှာက ကျွန်တော်တို့ မျှော်လင့်ခဲ့တာထက် အများကြီးခရီးရောက်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ အခုဆို ရခိုင်မှာ သိမ်းပိုက်ဖို့က သုံးမြို့ပဲကျန်တယ်။ အောက်ခြေကနေ စတင်ခဲ့ရတဲ့ ကျွန်တော်တို့တပ်တော်အနေနဲ့ အခု ၁၅ နှစ်တာအတောအတွင်းမှာပဲ ရခိုင်တစ်ပြည်လုံး နီးပါးကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ တကယ်ကို အရင်က မမက်နိုင်ခဲ့တဲ့အောင်မြင်မှုတွေပါ။ ရခိုင်ပြည်သူတွေ၊ မြန်မာပြည်သူတွေကိုလည်း အားတင်းထားဖို့ပြောချင်တယ်။ လာမယ့် ၂၀၂၅ ကတော့ အခုနှစ်မှာ ခက်ခဲပင်ပန်းခဲ့ရတဲ့အသီးအပွင့်တွေကို ခံစားလာရမှာပါ။ အားတင်းထားကြပါလို့ ပြောချင်ပါတယ်။
****************************************
မုံရွာခရိုင် အမှတ်(၁) တပ်ရင်းရဲ့ တပ်ရင်းမှူး ဒီမို
နှစ်သစ်ကူးအခါသမယမှာ ပြည်တွင်းပြည်ပမှာရှိနေကြတဲ့ မိဘပြည်သူ ညီကိုမောင်နှမတွေနဲ့ နွေဦးတော်လှန်ရေးမှာ ယခုအချိန်ထိ စွန့်စွန့်စားစားပါဝင်ဆင်နွှဲနေကြတဲ့ တော်လှန်ရေး ညီကိုမောင်နှမအားလုံး ယခုကျရောက်တဲ့နှစ်သစ်မှစပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့အတူ အသက်အန္တရာယ်ဘေးမှ ကင်းလွတ်ပြီး လုပ်ဆောင်သမျှ အရာရာတိုင်းလည်း အောင်မြင်မှုပန်းတိုင်ကို ရောက်လှမ်းနိုင်ကြပါစေလို့ ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါတယ်။
ယုံကြည်ရာလမ်းကို ခံယူချက်တစ်ခုတည်းနဲ့ လျှောက်လှမ်းခဲ့ပြီးပြီဖြစ်လို့ မိဘပြည်သူ အားလုံးနဲ့အတူ တော်လှန်ရေး ညီကိုမောင်နှမတွေအနေနဲ့ ခံယူချက်ခိုင်ခိုင်မာမာ လျှောက်လှမ်းကြမယ်ဆိုရင် ယခုလို အလားတူ အောင်မြင်မှုများစွာ ပိုင်ဆိုင်နိုင်မယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်ပါတယ်။
ကျွန်တော်တို့ မုံရွာခရိုင် အမှတ်(၁)တပ်ရင်းအနေနဲ့ ယုံကြည်ရာလမ်းကို အမျိုးသားညီညွတ်ရေး အစိုးရက ချမှတ်ထားတဲ့ စည်းမျည်း၊ စည်းကမ်း၊ ကျင့်ဝတ်နဲ့အညီ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ပြီး တော်လှန်ရေးကို အပြီးတိုင် ဆက်လက်ပါဝင် ဆင်နွှဲသွားမည်ဖြစ်ကြောင်း သတင်းစကားပေးအပ်လိုက်ပါတယ်။
****************************************
အညာမြေတပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်
၂၀၂၅ နှစ်သစ်မှာ စစ်ခွေးတွေ အပြီးသတ်ကျဆုံးပြီး ဖက်ဒရယ်ဒီမိုကရေစီးစနစ် အမြန်ထွန်းကားပါစေ။ လေးနှစ်အတွင်း အမှောင်ခေတ်ကို တော်လှန်ရေးဘက်တော်သားတွေနဲ့အတူ ဦးလည်မသုန် မဆုတ်မနစ်ပါဝင်တော်လှန်ပေးကြသူ ပြည်သူတစ်ယောက်ချင်းတိုင်းကို တော်လှန်ရေး ရဲဘော်များမှ လေးလေးလေးနက်နက် ကျေးဇူးတင်ပါတယ်။
ဒီတော်လှန်ရေး ခရီးကြမ်းမှာ ပျက်ပြိုသွားရတဲ့ ဘဝတွေ၊ နစ်မွန်းသွားရတဲ့ အသက်တွေနဲ့ ဆုံးရှုံးလိုက်ရတဲ့ ပိုင်ဆိုင်မှုတွေအတွက် ကျွန်တော်တို့ တော်လှန်ရေးသမားတွေကလည်း များစွာထိခိုက်ပါတယ်။ ဒီဆုံးရှုံးမှုတွေကို ပြည်သူနဲ့ တော်လှန်သမား တသားတည်း တွန်းလှန်ကျော်ဖြတ်ရင်း ပိုမိုကောင်းမွန်တဲ့ ဖက်ဒရယ်စနစ်ကို နောက်မျိုးဆက်အတွက် အတူတကွ တိုက်ပွဲဝင်ကြပါစို့။
ပြည်သူ တစ်ဦးချင်း တစ်ယောက်ချင်း ၂၀၂၅ မှာ ပိုမိုကောင်းမွန်၊ လုံခြုံပြီး အာဏာရှင်ကင်းစင်တဲ့ နှစ်တစ်ခုဖြစ်လာပါစေလို့ အညာမြေတပ်ပေါင်းစု တပ်ဖွဲ့မှ ဆုတောင်းပြီး ဆုတောင်းတဲ့အတိုင်းလည်း အကောင်အထည်ဖော်နိုင်အောင်ကြိုးစားနေပါတယ်။ ပြည်သူအားလုံး စိတ်၏၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်ဝကြပါစေ။
****************************************
Black Lion People Defense Force Monywa ရဲဘော်တစ်ဦး
မင်္ဂလာပါဗျ။ ကျွန်တော်ကတော့ အညာဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ Black Lion People Defense Force Monywa က ရဲဘော် အက်ဆစ်ပါ။
ပြည်တွင်းပြည်ပမှာရှိကြတဲ့ မိဘပြည်သူများအားလုံး နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် တော်လှန်ရေးမှာ ဆက်လက်ပါဝင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်ဗျ။
၂၀၂၄ မှာ ကျွန်တော်တို့ဟာ ကြီးမားတဲ့ဆုံးရှုံးမုံတွေ ရှိခဲ့ပေမဲ့ အောင်ပွဲတွေလည်း အများကြီး ရရှိခဲ့ပါတယ်။ တိုင်းစစ်ဌာနချုပ် နှစ်ခုနဲ့အတူ မြို့အမြောက်အမြားကိုလည်း တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အခု လာမယ့် ၂၀၂၅ မှာ ယခုထက် ပိုမိုကောင်းမွန်တဲ့ တော်လှန်ရေးအရွေ့တွေ ပေါ်ပေါက်လာမှာဖြစ်တဲ့အတွက် ဘေးကင်းလုံခြုံစွာဖြင့် တော်လှန်ရေးမှာ ဆက်လက်ပါဝင်ကြဖို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ဗျ။
****************************************
ဆလိုင်းထက်နီ (ချင်းအမျိုးသားတပ်မတော်(CNA) ပြောခွင့်ရပုဂ္ဂိုလ်)
ကိုယ်လိုချင်တဲ့ နိုင်ငံရေးမျော်မှန်းချက်ရောက်ရှိဖို့ဆိုရင် ဒီလေးနှစ်တာပြည်သူ့တော်လှန်ရေးမှာ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အဆင့် စိန်ခေါ်မှုတွေ၊ ဆုံးရှုံးမှုတွေကို သင်ခန်းစာယူပြီးတော့ ဒီ ၂၀၂၅ နှစ်သစ်မှာ အောင်မြင်မှုပန်းတိုင်ဆီ တက်ညီလက်ညီ ချီတက်တိုက်ပွဲဝင်ကြပါစို့။ တကယ်တော့ အောင်မြင်မှုဆိုတာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားရဲတဲ့၊ ပေးဆပ်ရဲတဲ့ သူတွေကပဲ ရရှိကြတာပါ။ အဲဒီတော့ ဒီ ၂၀၂၅ ခုနှစ်သစ်မှာ ဒီတော်လှန်ရေးကြီးအောင်မြင်ဖို့ အားသစ်အင်သစ်ဖြည့်ပြီး ဆက်လက်တိုက်ပွဲဝင်ကြပါစို့လို့ နှစ်သစ်စကားလေး ပါးချင်ပါတယ်။
****************************************
ဆလိုင်းယောမာန် (ချင်းညီနောင် ပြောခွင့်ရပုဂ္ဂိုလ်)
ကျွန်တော်တို့ တစ်လှမ်းခြင်း တစ်လှမ်းခြင်းရွေ့လာတဲ့ မဖြစ်နိုင်ဘူး၊ မပြောနိုင်ဘူးလို့ထင်ခဲ့တဲ့ တောင်ကြီးကိုပေါ့နော်။ တစတစ ဖြိုလာကြတာပေါ့နော်။ ဒီ ၂၀၂၄ ဆိုရင် တော်တော်လေး ပေါ့လျော့ခဲ့တာတွေရှိတယ်။ ၂၀၂၁ က စလို့ပေါ့နော်။ အဲဒီလိုမျိုး ကျောင်းသားတွေ၊ လူငယ်တွေ၊ ဆရာဝန်တွေ၊ နောက်ဆုံးစာပွဲထိုးတွေကအစ တကယ် အသက်မွေးဝမ်းကျောင်းမှုပေါင်းစုံက လူငယ်လူကြီး အကုန်လုံးပေါ့နော်။ တော်လှန်ရေးကို ပါဝင်လာကြပြီးမှ ဒီလိုမျိုး ဖရိုဖရဲ ကစဉ့်ကလျား အခြေအနေကနေ တဖြည်းဖြည်း ဝိုင်းဝန်းပူးပေါင်းတည်ဆောက်လာရင်းနဲ့ စစ်ကောင်စီကိုပေါ့နော်။ တိုက်ဖျက်လာတာ၊ ဖြိုလာတာ၊ တဖြည်းဖြည်း ပြိုကျလာပြီပေါ့နော်။ ဒီ ၂၀၂၄ မှာဆိုရင် သိသာထင်ရှားတဲ့ စစ်ကောင်စီ ပြိုလဲကျဖို့အတွက် အများကြီးတွေ့ရတာပေါ့နော်။ အဲဒီကနေတဆင့် နောက်ရှေ့ဆက်ပြီးမှလည်း ၂၀၂၅ မှာ ၂၀၂၄ ထက်ပိုပြီးမှ ဖြိုချနိုင်ဖို့ ပိုပြီးတိုက်ထုတ်နိုင်ဖို့ပေါ့နော်။ အားလုံး ၂၀၂၄ မှာတွေ့ကြုံခံစားနေရတဲ့ အောင်မြင်မှုတွေကို ဒီလှေကားထစ်တစ်ခုလို ခွန်အားယူ တက်လှမ်းပြီးမှ လာမယ့် ၂၀၂၅ မှာလည်း ဆက်လက်ပြီးမှ ဒီစစ်အာဏာရှင်ပြုတ်ကျဖို့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးပေါ်ပေါက်လာဖို့အတွက် အားလုံး အားသစ်လောင်းပြီးမှ ဝိုင်းဝန်းပါဝင်ကြဖို့၊ တိုက်တွန်းကြဖို့ကို အားပေးစကားပြောကြားရင်းနဲ့ နှစ်သစ်ဆုတောင်းစကား ပြောကြားပါတယ်ခင်ဗျာ။