မိုးကုတ်မြို့ထဲ ဝင်လာတဲ့ စစ်အုပ်စုကို တော်လှန်ရေးအင်အားစုတွေ စုပေါင်း တိုက်ခိုက်နေ
မန္တလေးတိုင်း၊ မိုးကုတ်မြို့ထဲကို စစ်အုပ်စု တပ်ဖွဲ့တွေ ဝင်ရောက်လာပြီးနောက် ဒီကနေ့ ဒီဇင်ဘာ ၁ရက်နေ့မှာ မိုးကုတ်မြို့ အနောက်ဘက်ပိုင်းက ဆင်ခွာ၊ ချောင်းကြီး၊ ကျောက်ဝါ၊ ဘော်ဗဒါန်၊ ဘော့လုံးကြီး စတဲ့ ရွာတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးကုတ်မြို့ကို တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အကူညီနဲ့ စစ်အုပ်စု တပ်ဖွဲ့ဝင်တွေက နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ဝင်ရောက်လာတာဖြစ်ပြီး မြို့ပြင်မှာ နေရာယူထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ကတည်းက တိုက်ပွဲတွေ ဖြစ်နေတာဖြစ်တယ်လို့ သိရပါတယ်။
“မိုးကုတ်အနောက်ဘက်ပိုင်း အစ်မတို့ ရက်ကွက်နားက ဘုန်းကြီးကျောင်းကို ဒရုန်းနဲ့ ချတာလို့တော့ ပြောတယ်။ အိမ်ကိုတောင် ခဲတွေ စင်လာတယ်” လို့ မိုးကုတ်မြို့ခံ တစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်အုပ်စု စစ်ကြောင်းက မိုးကုတ်မြို့ အနောက်ဘက်ကနေပြီး မိုးမိတ်မြို့ဘက်ကို ဦးတည်လာချိန်မှာ မြို့ပြင်မှာရှိတဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားတာဖြစ်တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့မှာ မိုးကုတ်ဗျူဟာ၊ NUG အမှတ် (၁) စစ်ဒေသ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ ပြင်ဦးလွင်ခရိုင် အမှတ် (၅၁၂) တပ်ရင်း၊ (၅၁၃) တပ်ရင်း၊ MDY-PDF နဲ့ မိုးကုတ် (ပကဖ) တပ်ဖွဲ့တွေက ပူးပေါင်း လှုပ်ရှားနေကြတာဖြစ်ပါတယ်။
“ဒီနေ့က ၁၁ နာရီကျော်လောက် ဖြစ်တာ။ ဆတ်အင်းဘက်က ပြောတယ်။ အခုတော့ မြို့ထဲမှာတော့ အသံတွေ တိတ်နေတယ်” လို့ မိုးကုတ်မြို့ခံ တစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒီတိုက်ပွဲ အခြေအနေတွေနဲ့ပတ်သက်ပြီး မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY PDF) ပြောခွင့်ရသူ ကိုအော်စမွန်ကို CJ Platform အနေနဲ့ ဆက်သွယ် မေးမြန်းထားဆဲ ဖြစ်ပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ မြို့တွေထဲက နောင်ချို၊ ကျောက်မဲနဲ့ သီပေါတို့ကို စစ်အုပ်စုက ပြန်လည် ရယူခဲ့ပြီးနောက် မိုးကုတ်နဲ့ မိုးမိတ်တို့ကို တရုတ်ရဲ့ ကြားဝင်မှုနဲ့ စစ်အုပ်စုက ပြန်လည် ရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် မိုးကုတ်နဲ့ မိုးမိတ်မြို့ကို စစ်အုပ်စုထံ ပြန်လွှဲပြောင်း ပေးဖို့ TNLA တပ်က သဘောတူညီမှုတွေ လုပ်ပြီးချိန်မှာ တော်လှန်ရေးအင်အားစုတွေက မိုးကုတ်နဲ့ မိုးမိတ်မြို့ကို ကာကွယ်သွားမယ်လို့ အသီးသီး ထုတ်ပြောထားပါတယ်။
လက်ရှိမှာတော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က သူ သိမ်းယူခဲ့တဲ့ မြို့တွေထဲက ၅ မြို့ကို ပြန်လည် လက်လွှတ်ခဲ့ရတာကြောင့် ကွတ်ခိုင်၊ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံတို့ကိုသာ TNLA က ဆက်လက် ထိန်းချုပ်ထားနိုင်ပါတယ်။
ဓာတ်ပုံ – MDY PDF
