ပုဒ်မ ၅၂(က) နဲ့ ဖမ်းဆီးခံထားရပြီး လွတ်ရက်စေ့နီးသူတွေကို စစ်အုပ်စုက ပြန်လွှတ်ပေးနေတယ်လို့ဆို

Author CJ Platform
Categories
Published on Dec 01, 2025

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပုဒ်မ ၅၂(က) နဲ့ မတရား ဖမ်းဆီးခံထားရပြီး လွတ်ရက်စေ့ နီးနေတဲ့ နိုင်ငံရေးအကျဉ်းသား၊ နိုင်ငံရေးအကျဉ်းသူ ၈၂ ဦးကို စစ်အုပ်စုက ဒီနေ့ ဒီဇင်ဘာ ၁ ရက်မှာ ပြန်လွှတ်ပေးနေတယ်လို့ မန္တလေး နိုင်ငံရေးအကျဉ်းသားတွေထံက သိရပါတယ်။

 

မန္တလေးတိုင်း အိုးဘိုးထောင်ထဲမှာ ပုဒ်မ ၅၂(က) နဲ့ ဖမ်းဆီးခံထားရသူတွေထဲက အမျိုးသား ၄၀ ဦးနဲ့ အမျိုးသမီး ၇ ဦး၊ မြင်းခြံထောင်က ၂၄ ဦးနဲ့ ကလေးထောင်က ၁၁ ဦးကို စစ်အုပ်စုက လွတ်ငြိမ်းပေးခဲ့တာဖြစ်တယ်လို့ ကနဦး စုံစမ်းမှုတွေအရ သိရပါတယ်။

 

“လွတ်တဲ့အထဲ ကျွန်တော့်အသိတွေ ပါလာတယ်။ လူချင်းတော့ မဆုံရသေးဘူး။ ဖုန်းအဆက်အသွယ်တော့ ရပြီ။ သူတို့ လွတ်ပေးတာက လွတ်ရက်စေ့ နီးတဲ့သူတွေ ပြန်လွှတ်ပေးပြီး နာမည်ကောင်းယူနေတာ။ တချို့တွေဆို နောက် ၂ ရက်လောက်နေရင် လွတ်တော့မှာ” လို့ မန္တလေး ဒေသခံ နိုင်ငံရေးအကျဉ်းသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်အုပ်စု ပြန်လွှတ်ပေးတဲ့ မြင်းခြံထောင်က ၂၄ ဦးထဲက မပိုးသီရိခိုင်၊ မမြတ်နိုးခင်နဲ့ ကိုသက်တို့ ပြန်အဖမ်းခံထားရတယ်လို့လည်း သူက ဆက်ပြောပါတယ်။ လက်ရှိ လွတ်မြောက်လာသူအများစုဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်အစောပိုင်းကာလမှာ ဖမ်းဆီးခံထားရသူတွေ ဖြစ်ပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရသူတွေဖြစ်ကာ လွတ်ရက်စေ့နီးနေသူတွေ လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

 

“ကလေးထောင်က ဒီနေ့ ၅၀၅-က၊ ၅၂(က) သမားတွေ ၁၁ ဦး လွတ်တယ် လို့ ကြားပါတယ်” လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) အတွင်းရေးမှူး ဦးတိတ်နိုင်ကလည်း CJ Platform ကို ပြောပါတယ်။

 

လွတ်မြောက်သူတွေထဲ အချို့မှာ မိသားစုဝင်တွေနဲ့ တွေ့ဆုံနေရပြီးဖြစ်ပေမဲ့ စစ်ကော်မရှင်ဘက်ကတော့ တစုံတရာ ထုတ်ပြန်လာတာမျိုး မရှိသေးဘူး။

 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်က ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးခံထားရသူ ၇၂၄ ဦးကို စစ်ကော်မရှင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) က ခံဝန်နဲ့ လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးခံထားရသူ အခြား နိုင်ငံရေးအကျဉ်းသား ၂၃၆၁ ဦးကိုတော့ ပြစ်ဒဏ် လျော့ပေါ့ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခံထားရပြီး တရားရင်ဆိုင်နေရသူတွေနဲ့ တိမ်းရှောင်နေသူ ၅၂၆၈ ဦးကိုတော့ အမှု ရုပ်သိမ်းပေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။ စစ်အုပ်စုက သူတို့ လွတ်ငြိမ်းပေးခဲ့သူတွေ နဲ့ပတ်သက်ပြီး လာမယ့် ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် လွတ်ငြိမ်းသက်သာခွင့်ပေးနဲ့ အမှု ရုပ်သိမ်းပေးလိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမဲ့ လွတ်မြောက်လာသူအများစုဟာ လွတ်ရက်စေ့ နီးသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – Pro_SAC

 

Related News

Depend on news