မင်းကင်းမြို့နယ်မှာ CDM ဆရာဝန်တစ်ဦးကို မြို့နယ် ပလဖ အဖွဲ့က အတင်းအကျပ် ဖမ်းဆီး NUG CDM Success Committee အနေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိတယ်လို့ ဦးနေဘုန်းလတ်ဆို

Author CJ Platform
Categories
Published on Dec 01, 2025

စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ်မှာ ပြည်သူ့ဆေးရုံကနေ CDM လုပ်ကာ ဒေသတွင်း ဆေးခန်း ဖွင့်လှစ်ထားတဲ့ ဒေါက်တာ သူသူလွင်ကို မင်းကင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မင်းကင်း ပလဖ) အဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ဒေါက်တာ သူသူလွင်ဟာ စစ်အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေး CDM ဝင်ထားသူတစ်ယောက်ဖြစ်ပြီး နိုဝင်ဘာ ၂၉ ရက်နေ့ မနက် ၉ နာရီခန့်မှာ မင်းကင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က သင်တောရွာက ဆေးခန်းမှာ ဝင်ရောက်ပြီး လက်ထိတ်ခတ် အတင်းအကျပ် ဖမ်းဆီးသွားတာလို့ သိရပါတယ်။

 

“ပလဖ အဖွဲ့က လက်ထိတ်ခတ် ဖမ်းခေါ်သွားတာဗျ၊ ဘယ်မှာထားလဲလည်း မသိရ၊ ဘယ်သူနဲ့မှလည်း အတွေ့ မခံဘူး။ အကြောင်းပြချက် ရေရေရာရာ မရှိပဲ ဝင်ဖမ်းသွားတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ဒေါက်တာ သူသူလွင်ဟာ မင်းကင်း ပြည်သူ့ဆေးရုံ အုပ်ရာထူးကနေ CDM လုပ်ပြီး ယခင်က မြို့နယ် ပအဖ တာဝန်ခံအဖြစ် ၂၀၂၄ ခုနှစ် သြဂုတ်လအထိ တာဝန် ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်မှာ မင်းကင်းမြို့နယ်က ဒေသခံတွေနဲ့ ဒဏ်ရာရ ရဲဘော်တွေ အတွက် ဆေးကုသပေးနေသူဖြစ်တယ်လို့လည်း သိရပါတယ်။

 

မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ ဒေါ်သူသူလွင် ဖမ်းဆီးခံရမှုဟာ အစိုးရဘက်က တရားလိုအဖြစ် ဖမ်းဆီးတာဖြစ်တယ်လို့ သိရပါတယ်။

 

ဒေါ်သူသူလွင်အနေနဲ့ ပအဖ တာဝန်ထမ်းဆောင်စဉ်က ငှားရမ်း အသုံးပြုခဲ့တဲ့ လက်နက်ခဲယမ်းတွေ၊ ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့) နဲ့ ပလဖ အဖွဲ့တွေကို အခွန်ခွဲတမ်းမှတဆင့် ပေးရန် ကျန်ငွေတွေအပြင် တာဝန်မှ ရပ်နားပြီးနောက် လုပ်ငန်းဆောင်ရွက်ချက်တွေ၊ စာရင်းဇယားတွေ၊ ရုံးသုံးပစ္စည်းစာရင်း၊ ယာဉ်ယန္တရားတွေ၊ ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ပေးသွင်းရန် ကျန်ရှိငွေတွေ ကြောင့် ဖမ်းဆီးတာဖြစ်တယ်လို့ မြို့နယ် ပအဖ တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။

 

ဒါ့အပြင် NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို CJ Platform က ဆက်သွယ်မေးမြန်းခဲ့ရာမှာ “ဒေါ်သူသူလွင်ဟာ ပအဖ တာဝန်ယူခဲ့စဉ်က ပကဖ ဆီကနေ ငှားရမ်းထားတဲ့ သေနတ် ပြန်မပေးတဲ့ကိစ္စ၊ အခွန်ခွဲတမ်းတွေကို ပေးသွင်းခြင်း မရှိတဲ့ကိစ္စတွေနဲ့ အမှုဖွင့် တိုင်ကြားခံထားရတာတွေရှိတဲ့အတွက် မင်းကင်းမြို့နယ် ပလဖအမှုစစ်နဲ့အဖွဲ့က လုပ်ထုံးလုပ်နည်းနဲ့အညီ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

 

ဒါ့အပြင် ဒေါ်သူသူလွင်ဟာ ကျန်းမာရေး CDM ဖြစ်တာကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ NUG CDM Success Committee အနေနဲ့လည်း ချိတ်ဆက် ဆောင်ရွက်လျက်ရှိပါတယ်လို့လည်း ထပ်မံ ပြောကြားခဲ့ပါတယ်။

 

ဒေါ်သူသူလွင် ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ မင်းကင်းမြို့နယ် ပလဖနဲ့ ပကဖ တာဝန်ရှိသူတွေကိုတော့ ဆက်သွယ်မေးမြန်းနိုင်ဖို့ CJ Platform အနေနဲ့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

 

ဒေါက်တာ ဒေါ်သူသူလွင် ဖမ်းဆီးခံရတဲ့အမှုနဲ့ပတ်သက်ပြီး CJ Platform အနေနဲ့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကာ ဒေသခံတွေကတော့ ပြန်လည် လွတ်မြောက်စေရေး ဆန္ဒတွေရှိနေသလို မင်းကင်းမြို့နယ် ၊ ချင်းတွင်းမြစ်အတွင်းက ရွှေဖောင် ရွှေမျောတွေကို ဒေသခံတွေ ဆန္ဒပြရာမှာ ပတ်သက်တဲ့ တိုက်နယ် တာဝန်ရှိသူတွေကို နိုင်ငံတော်အကြည်ညို ပျက်စေမှုအမည်တပ်ကာ ဖမ်းဆီးပြီးနောက် CDM ဒေါက်တာ ဒေါ်သူသူလွင်ကို အကြမ်းဖက် ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ပြောဆိုတာတွေလည်းရှိနေပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က မင်းကင်းမြို့နယ် ၊ လောင်းပြည့်ကျေးရွာ အနီးက မြို့နယ် “ပ” သုံးလုံးအဖွဲ့တွေ ခွင့်ပြုချက်နဲ့ လုပ်ကိုင်နေတဲ့ ရွှေမျောတွေကို ဒေသခံတွေ က ကန့်ကွက် ဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့ အုန္နဲဘုတ် ကျေးရွာနေထိုင်သူ တိုက်နယ် ၂ ပကဖ ခေါင်းဆောင် ဦးဇော်ဝမ်း၊ တိုက်နယ် ၂ ပအဖ ခေါင်းဆောင် ဦးကျော်စိုးလင်း၊ ဆန္ဒပြပွဲမှာ ပါဝင်သူ အုန္နဲဘုတ် ရွာခံ ကိုဉာဏ်လင်းတို့ကို နိုဝင်ဘာ ၁၁ ရက် မနက်အစောပိုင်းမှာ သူတို့နေထိုင်ရာ ကျေးရွာနေအိမ်တွေမှာ PDF ကလေး ခရိုင်တပ်ရင်း ၇ နဲ့ ၁၀ (မင်းကင်းမြို့နယ် တပ်ရင်း ၁ နဲ့ ၄) က ပူးပေါင်း အင်အား ၁၀၀ ကျော်နဲ့ ဝင်ရောက် ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – ပေးပို့