ဆေးရုံကို ဗုံးကြဲတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်တွေ ပြော

Author CJ Platform
Categories
Published on Dec 11, 2025

ရခိုင်ပြည် မြောက်ဦးမြို့က ပြည်သူ့ဆေးရုံကို စစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့တွေက ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်တာကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ဒီလုပ်ရပ်ဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များ (APHR) က ဒီနေ့ ဒီဇင်ဘာ ၁၁ ရက်မှာ ပြောဆိုလာပါတယ်။

 

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖြစ်တဲ့ မနေ့ ဒီဇင်ဘာ ၁၀ ရက် ည ၉ နာရီ ၁၃ မိနစ် ဝန်းကျင်မှာ အရပ်သား ပြည်သူတွေ ဆေးဝါးကုသမှု ခံယူနေတဲ့ မြောက်ဦးဆေးရုံကို စစ်အုပ်စုက ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် ၃၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၀၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိထားပါတယ်။

 

ထိခိုက်ဒဏ်ရာရသူတွေထဲ အများစုဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပြီး သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေလည်း ပါဝင်ခဲ့ပါတယ်။

 

“မြောက်ဦးဆေးရုံက ပြည်သူတွေကို အာဏာသိမ်းစစ်တပ်က အခုလို အစုံလိုက် အပြုံလိုက် သတ်ဖြတ်တာဟာ အလွန် ရက်စက်ယုတ်မာပြီး လုပ်ရပ်ဖြစ်ပြီး လူသားဆန်မှု မရှိဘူး” လို့ APHR ဥက္ကဋ္ဌလည်း ဖြစ်၊ အင်ဒိုနီးရှား လွှတ်တော်အမတ် မာစီခရစ္စတီဘာရန်းစ် (Mercy Chriesty Barends) က ဆိုပါတယ်။

 

ဆေးရုံ၊ စာသင်ကျောင်းတွေဟာ စစ်ရေးပစ်မှတ် မဟုတ်သလို အရပ်သား ပြည်သူတွေ သေဆုံးခဲ့ရမှုအတွက် အာဏာသိမ်းစစ်တပ် အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝ ရှိစေရမှာ ဖြစ်သလို ဒါဟာ ရှောင်လွှဲလို့ မရဘူးလို့ APHR ဘုတ်အဖွဲ့ဝင်တွေကလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။

 

“အမျိုးသမီးတွေ၊ ကလေးတွေ၊ လူနာတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အများအပြား ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။ အရပ်သား ပြည်သူတွေဟာ နိုင်ငံတကာ ဥပဒေအရ အကာအကွယ်ပေးမှုတွေ ရှိရမှာပါ။ ဒီဆိုးရွားတဲ့ အကြမ်းဖက် လုပ်ရပ်တွေကို အာဏာသိမ်းစစ်တပ်က စနစ်တကျ ကျူးလွန်နေတာ။ အာဆီယံအနေနဲ့ ဒီအတိုင်း ကြည့်မနေသင့်ပါဘူး” လို့ APHR ဘုတ်အဖွဲ့ဝင် ဖိလစ်ပိုင် လွှတ်တော်အမတ်ဟောင်း အာလန်ဘရိုဆာ့ကလည်း ပြောပါတယ်။

 

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် ရခိုင်ဒေသထဲက အရပ်သား ပြည်သူ ၁၀၀၀ ကျော် သေဆုံးခဲ့ပြီး မြန်မာပြည်သူတွေအပေါ် ဆိုးရွားတဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ကို အာဆီယံ အနေနဲ့လည်း တားဆီးမှုတွေ လုပ်ရမယ်လို့ APHR အဖွဲ့ဝင် ထိုင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း ကာဆစ်ပီရွန်ရာက ဆိုပါတယ်။

 

ရခိုင်ပြည်ထဲက ဒေသ အများအပြားကို စစ်တပ်က ဖုန်းဆက်သွယ်ရေးနဲ့ အင်တာနက်လိုင်းတွေ ကာလရှည် ဖြတ်တောက်ထားပြီး လက်ရှိမှာလည်း စစ်တွေ၊ ကျောက်ဖြူနဲ့ မောင်တော ဒေသတွေမှာ အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မှုတွေကို ကျူးလွန်နေတယ်လို့ APHR က ဖော်ပြထားပါတယ်။

 

အာဏာသိမ်းစစ်တပ် ကျူးလွန်ခဲ့တဲ့ မြောက်ဦး ဖြစ်စဉ်အပေါ် အာဆီယံ၊ ကုလသမဂ္ဂ၊ အီးယူ၊ အမေရိကန်၊ ယူကေနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက တာဝန်ရှိသူတွေ အနေနဲ့ အလျင်အမြန် အရေးယူမှုတွေ လုပ်ဆောင်ဖို့ APHR ကလည်း တောင်းဆိုမှုတွေ ရှိခဲ့ပြီး စစ်ကော်မရှင် ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကိုလည်း အသိအမှတ်ပြုတာမျိုး မလုပ်ဆောင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

 

ဒါ့အပြင် စစ်ကော်မရှင်အပေါ် ဩဇာရှိတဲ့ တရုတ်၊ အိန္ဒိယတို့ အပါအဝင် အဓိက မဟာမိတ် အဖွဲ့အစည်းတွေ အနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့အတွက် ဖိအားပေး လုပ်ဆောင်ဖို့ လိုအပ်ပြီး စစ်ဘက်ဆိုင်ရာ လက်နက်တွေနဲ့ လေယာဉ်ဆီ ထောက်ပံ့မှုတွေကို အရေးယူ ပိတ်ဆို့ဖို့လည်း လိုအပ်တယ်လို့ APHR က တောင်းဆိုထားပါတယ်။

 

ဓာတ်ပုံ – ကိုဝေဟင်အောင်

ပုံစာ – စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဆေးရုံအဆောက်အဦကို မြင်ရပုံ