မင်းအောင်လှိုင်က အလွန် ကတိတည်ပြီး ကြည်ညိုဖို့ ကောင်းတယ်လို့ဆိုကာ နဂါးပါတီ ဥက္ကဌ မဲဆွယ်
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အလွန်ကတိတည်ပြီး ကြည်ညိုဖို့ ကောင်းတယ်လို့ ပြောကြားပြီး နဂါးပါတီလို့ သူတို့ကိုယ် သူတို့ အမည်ပေးထားတဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဌဖြစ်သူ ဦးကျော်စွာစိုး (ခ) ကျော်စွာအောင်က မဲဆွယ်စည်းရုံးနေပါတယ်။
အခု ဒီဇင်ဘာ လဆန်းပိုင်းအတွင်း ရန်ကုန်မြို့မှာ ကျင်းပတဲ့ ဦးကျော်စွာစိုးနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပြည်သူ့တွေ့ဆုံပွဲမှာ ဦးကျော်စွာစိုးက မဲဆွယ်စည်းရုံးချိန် အခုလို ပြောကြားလိုက်တာပါ။
“အာဏာထိန်းလိုက်တာ ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းပဲ ဆက်ပြီး သွားရတယ်။ ငါးနှစ်ပြည့်ရင် ရွေးကောက်ပွဲ လုပ်ပေးရမယ်။ ဟုတ်လား။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း သွားတာ ဖြစ်တဲ့အတွက် ဒီနေ့ ငါးနှစ် သက်တမ်း ရောက်လာတဲ့အခါမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းပဲ ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ဟုတ်လား ဒီဥစ္စာကို ရွေးကောက်ပွဲကို ကျင်းပပေးတာပါ။ အလွန် ကတိတည်ပါတယ်။ ကြည်ညိုဖို့လည်း ကောင်းပါတယ်။ ဒါကြောင့် ကျွန်တော် အမြဲတမ်း လေးစားပါတယ်။ သူ မလုပ်ပေးရင် ရွေးကောက်ပွဲ ဘယ်တော့မှ မဖြစ်ဘူး။ သူလုပ်ပေးလို့ ဖြစ်တာ။ ဒါကြောင့် သူ့ကို ကျေးဇူးတင်ပါတယ်”လို့ ဦးကျော်စွာစိုးက ပြောပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲ ကန့်ကွက်သူတွေဟာ စစ်အုပ်စုကို အကန့်အသတ်မရှိ အုပ်ချုပ်စေချင်လို့ ပြောဆိုနေတာဖြစ်လို့လည်း သူက ဆိုပါတယ်။
“ဥပမာ ပြောရင် မိန်းကလေးတစ်ယောက်က ဒီယောက်ျားကို မုန်းတယ်။ ဒီလူကို မုန်းတယ်။ ဒီလူ့ကို မချစ်ဘူး။ ဒီလူ့ကို စောက်မြင်ကပ်တယ် လို့ ပြောပြီး ညကျ လာခိုးလှည့်ပါလို့ ပြောတဲ့ စကားအတိုင်း ဖြစ်နေတယ်။ ဒါကြောင့် ဒီတပ်မတော်အစိုးရကို မုန်းတယ်။ တပ်မတော်အစိုးရကို မုန်းတယ်။ တွင်တွင်ပြောပြီးကာမှ ရွေးကောက်ပွဲ မလုပ်ဘဲနဲ့ ရှင်တို့ပဲ ဆက်အုပ်ချုပ်ပါလို့ ပြောသလို ဖြစ်နေတယ်”လို့ သူက ဆက်ပြောပါတယ်။
မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံဖြိုးတိုးတက်ရေးပါတီဟာ ၂၀၁၂ခုနှစ်မှ စတင်တည်ထောင်ခဲ့တဲ့ ပါတီဖြစ်ပြီး လယ်သမားတွေကို ချေးငွေတွေပေးမယ်လို့ဆိုကာ စည်းရုံးခဲ့ဖူးသလို ဘာသာရေးအစွန်းရောက် ဝါဒတွေကိုလည်း မျှဝေလေ့ရှိတဲ့ ပါတီတစ်ခုဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ၊ ၂၀၂၀ရွေးကောက်ပွဲတွေမှာ ကိုယ်စားလှယ်တစ်ဦးမျှ အနိုင်မရရှိဖူးတဲ့ မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။
ဓာတ်ပုံ – မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံဖြိုးတိုးတက်ရေးပါတီ
