ထိုင်းမှာ ကမ္ဘောဒီးယားအလုပ်သမား ၉ သောင်းကို မြန်မာ၊ လာအို၊ ဗီယက်နမ် အလုပ်သမားတွေနဲ့ အစားထိုးမယ်

Author CJ Platform
Categories
Published on Nov 11, 2025

ထိုင်းအစိုးရဟာ နိုင်ငံအတွင်းက ကမ္ဘောဒီးယားအလုပ်သမား ၉၀,၀၀၀ ရဲ့ အလုပ်လုပ်ခွင့်သက်တမ်းကို သက်တမ်းမတိုးပေးတော့ဖို့ ဆုံးဖြတ်လိုက်ပြီး၊ သူတို့နေရာမှာ မြန်မာ၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေက အလုပ်သမားတွေနဲ့ အစားထိုးသွားမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး ထရီနွတ် ကပြောပါတယ်။

 

ဒီဆုံးဖြတ်ချက်ဟာ မကြာသေးခင်က ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ မြေမြှုပ်မိုင်းတစ်လုံး ပေါက်ကွဲပြီး ထိုင်းစစ်သားတွေ ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်အပြီး၊ နှစ်နိုင်ငံ ငြိမ်းချမ်းရေးကြေညာစာတမ်းကို ထိုင်းဘက်က ဆိုင်းငံ့လိုက်ပြီးနောက်မှာ တိုက်ရိုက်ထွက်ပေါ်လာတာပါ။

 

ဝန်ကြီးချုပ် အနုထင် ကိုယ်တိုင်က ကမ္ဘောဒီးယားနိုင်ငံသားတွေအတွက် အထူးနေထိုင်ခွင့်ပေးမယ့် အစီအစဉ်ကို ဆိုင်းငံ့ဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။

 

ထိုင်းအလုပ်သမားဝန်ကြီး ထရီနွတ်ကတော့ ဒီဆုံးဖြတ်ချက်ကြောင့် အထူးသဖြင့် ကမ္ဘောဒီးယားလုပ်သားတွေကို အဓိကအားကိုးနေရတဲ့ ကြံခင်းတွေလို စိုက်ပျိုးရေးကဏ္ဍမှာ အလုပ်သမားပြတ်လပ်မှု ဖြစ်လာနိုင်တယ်လို့ ဝန်ခံပါတယ်။

 

ဒါပေမဲ့ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ထိုင်းအစိုးရက အစားထိုးအစီအစဉ်ကို အသင့်ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ အဲဒါတွေကတော့ မြန်မာ၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေက အလုပ်သမားတွေကို အစားထိုးခေါ်ယူသွားမှာဖြစ်ပြီး၊ လက်ရှိအလုပ်လုပ်နေဆဲ အဲဒီနိုင်ငံသုံးနိုင်ငံက အလုပ်သမားတွေရဲ့ အလုပ်လုပ်ခွင့်ကိုလည်း သက်တမ်းတိုးပေးသွားမှာပါ။ အရေးပေါ်အနေနဲ့ ဒုက္ခသည်စခန်းတွေက အလုပ်သမား ၄၀,၀၀၀ ကျော်ကိုလည်း ယာယီဖြည့်တင်းသွားမယ်လို့ သိရပါတယ်။

 

ဒီနိုင်ငံရေးဆုံးဖြတ်ချက်ရဲ့ အလယ်မှာ ပိတ်မိနေတာကတော့ အလုပ်လုပ်ခွင့်သက်တမ်းကုန်ဆုံးသွားပြီဖြစ်ပေမယ့် နယ်စပ်တွေပိတ်ထားလို့ အိမ်မပြန်နိုင်သေးတဲ့ ကမ္ဘောဒီးယားအလုပ်သမား ၉၀,၀၀၀ ပါပဲ။ သူတို့ကို နေရပ်ရင်းပြန်ပို့မလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ အလုပ်သမားဝန်ကြီးက “လုံခြုံရေးအခြေအနေတွေ အပါအဝင် အဖွဲ့အစည်းများစွာနဲ့ သက်ဆိုင်နေလို့ အစိုးရအဖွဲ့အစည်းအဝေးမှာ ဆွေးနွေးရဦးမယ်” လို့ ဖြေကြားခဲ့ပါတယ်။

 

ဓာတ်ပုံ – AFP