KNU ခရိုင်ဥက္ကဌ၊ မကွေး PDF နဲ့ AAMIJ မီဒီယာတို့ကို စစ်ကော်မရှင်က ရွေးကော်ဥပဒေနဲ့ အမှုဖွင့်  ■ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို လိပ်ပြာလုံစွာ ဆောင်ရွက်နေတယ်လို့ ဇော်မင်းထွန်း ပြော 

Author CJ Platform
Categories
Published on Nov 11, 2025

ရွေးကောက်ပွဲကို ဝေဖန်နှောင့်ယှက်လို့ဆိုကာ တော်လှန်ရေးအဖွဲ့  ၂ ဖွဲ့၊ သတင်းမီဒီယာတစ်ခုနဲ့ ပြည်သူ ၃ ဦးကို ထပ်မံအမှုဖွင့်ထားတဲ့ စစ်ကော်မရှင်က ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို လိပ်ပြာလုံစွာနဲ့ ဆောင်ရွက်နေတယ်လို့ စစ်ကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ နိုဝင်ဘာ ၁၁ ရက်မှာ ပြောဆိုလာပါတယ်။

 

ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးသထူ (သထုံ) ခရိုင်ဥက္ကဌ ပဒိုစောမြင့်အပါအဝင် ၂၂ ဦး၊ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့နဲ့ AAMIJ သတင်းဌာနတို့ကိုပါ ရွေးကောက်ပွဲဥပဒေနဲ့ စစ်ကော်မရှင်က ထပ်မံအမှုဖွင့်ခဲ့ပြီး ရန်ကုန်တိုင်းက ပြည်သူ ၂ ဦးနဲ့ မွန်က ပြည်သူ ၁ ဦးကိုလည်း ထပ်မံအမှုဖွင့်ခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

 

ဒါဟာ KNU ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေကို စစ်ကော်မရှင်က ဒုတိယအကြိမ်မြောက် ရွေးကော်ဥပဒေနဲ့ အမှုဖွင့်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းနဲ့ ၁၃ ဦးကို ရွေးကောက်ပွဲပျက်ပြားအောင် နှောင့်ယှက်တယ်ဆိုပြီး အမှုဖွင့်ခဲ့ပါသေးတယ်။

 

စစ်ကော်မရှင်က သူတို့ကျင်းပမယ့် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဟာ ပွင့်လင်းမြင်သာမှုရှိတယ်လို့ ပြောဆိုထားပြီး လာရောက်လေ့လာဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းပြည်ပမီဒီယာတွေကို ဖိတ်ခေါ်ထားပေမဲ့ ဝေဖန်သူကိုတော့ နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မတွေနဲ့ အမှုဖွင့် ဖမ်းဆီးမှုတွေလည်း ရှိနေပါတယ်။

 

စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်တစ်ဦးနဲ့ပတ်သက်ပြီး မူးယစ်ဆေးဝါးကိစ္စ ထုတ်ဖော်ရေးသားခဲ့တဲ့ AAMIJ News ကိုလည်း ရွေးကောက်ပွဲပျက်ပြားအောင် ဟန့်တားနှောင့်ယှက်တယ်ဆိုကာ စစ်ကော်မရှင်က ရွေးကော်ဥပဒေနဲ့အမှုဖွင့်ခဲ့ပါသေးတယ်။

 

အလုံမြို့နယ် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်း ဦးအောင်စိုးဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သစ်တောရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်ခဲ့ပြီး အလုံမြို့နယ်ထဲမှာ မူးယစ်ဆေးဝါး ဖြန့်ဖြန်းသူတွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်နေသူဖြစ်တယ်လို့ အခု နိုဝင်ဘာလ ၆ ရက်မှာ AAMIJ က သတင်းရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

 

ဒါ့အပြင် စစ်အုပ်စုကို တော်လှန်ရေးတဲ့ မကွေးတိုင်းထဲက PDF အဖွဲ့တစ်ခုကိုလည်း ရွေးကော်ဥပဒေနဲ့ အမှုဖွင့်ခဲ့ပြီး စလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အဖွဲ့ဝင် (၁) သက်ဝေထွန်းကို မကွေး PDF အဖွဲ့က ဖမ်းဆီးသွားတာကြောင့်လို့ ဖော်ပြထားပါတယ်။

 

စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲကို အာဆီယံ၊ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက မထောက်ခံသလို အသိအမှတ်ပြုတာမျိုးလည်းမရှိချိန် သူတို့ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဒါဟာ ပြည်တွင်းရေးဖြစ်သလို မြန်မာပြည်သူတွေ အသိအမှတ်ပြုရင် လုံလောက်ပြီလို့ ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

 

ပုံစာ – AAMIJ သတင်းဌာနမှ ဖော်ပြထားသည့် သတင်းဓာတ်ပုံကို မြင်ရပုံ