ဖားကန့် ကျောက်လုပ်ကွက်တွေက လုပ်ငန်းသုံး စက်ယန္တယားတွေကို စစ်ကောင်စီက မီးရှို့နေပြန်၊ တရုတ်နဲ့ ပတ်သက်တဲ့ လုပ်ကွက်တွေကိုတော့ မထိရဲ

ကချင်ပြည်၊ ဖားကန့်မြို့နယ် မှော်စီစာမှာရှိတဲ့ ဒေသခံ လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းသုံး စက်ယန္တယားတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေက ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့ ညနေမှာ မီးရှို့ဖျက်စီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အထက်က ညွှန်ကြားချက်နဲ့ မီးရှို့နေတာဖြစ်ပြီး သူတို့နဲ့ညှိနှိုင်းလို့ မရတဲ့ လုပ်ငန်းရှင်တွေရဲ့ စက်ယန္တယားအများအပြားကို မီးရှို့နေတာဖြစ်တယ်လို့လည်း သိရပါတယ်။
“ကိုဇော်နိုင်ဌေးဆိုဒ်နဲ့ ကိုမင်းနိုင်စိုးဆိုဒ်တွေကို ဝင်ရှို့တာဗျ။ ကိုဇော်နိုင်ဌေးဆိုဒ်ကြတော့ သွားရှို့လိုက် ပြန်လာလိုက်၊ ပြီးရင် ပြန်သွားရှို့လိုက် ပြန်လာလိုက်နဲ့ရှိုတာ။ ကိုမင်းနိုင်စိုးဆိုဒ်ကတော့ နာရီဝက်လောက် လောင်တဲ့အထိ ရှို့တယ်။ မီးရှို့ပြီးတာနဲ့ သူတို့ထွက်သွားတယ်” လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
ကိုမင်းနိုင်စိုးဆိုဒ်ရှိ စက်ယန္တယားတွေကို မီးရှို့ပြီး ပြန်သွားချိန်မှာ ဝန်ထမ်းတွေက မြေတူးစက် (ဘက်ဟိုး) တွေနဲ့ သဲတွေကုတ်ကာ မီးငြှိမ်းကြသလို ရေတွေပက် မီးငြှိမ်းခဲ့ကြရတယ်လို့ သူက ဆက်ပြောပါတယ်။
ဖားကန့်ရှိ ကျောက်လုပ်ကွက်တွေထဲမှာ တရုတ်နိုင်ငံကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ကိုင်တဲ့ ကုမ္ပဏီတွေအပြင် တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ MNDAA နဲ့ “ဝ” တပ်ဖွဲ့တွေရဲ့ စီးပွားရေးတာဝန်ခံတွေ လုပ်ကိုင်နေတဲ့ ကျောက်လုပ်ကွက်တွေလည်း ရှိနေပါတယ်။
အဲဒီလုပ်ကွက်တွေကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဟောင်းနွမ်းပြီး အကုန်အကျ သက်သာနိုင်မယ့် စက်ယန္တယားတွေကို အနည်းငယ်ရွေးထုတ်ကာ မှန်ရိုက်ခွဲတာ၊ မီးရှို့တာတွေ အထက်ကို တင်ပြနိုင်ဖို့ ၁၅ မိနစ်ခန့် မှတ်တမ်းယူပြီး ပြန်ထွက်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
“MNDAA နဲ့ ‘ဝ’ ကဟာကို အရှို့ပဲပြတာ။ ကားအစုတ် ဘက်ဟိုးအစုတ်တွေ အဆုံးခံနိုင်မယ့်ဟာတွေ မီးရှို့မယ့်နေရာ ကြိုတင်ရွှေ့ထားခိုင်းတာ။ နှစ်စီးလောက်၊ အဲ့တာတွေကို ရှို့တဲ့မှတ်တမ်းယူတာ အထက်ကို ပြန်တင်ရမှာမို့တဲ့။ သူတို့ဝင်မယ့်ကုမ္ပဏီတွေကို ကြိုတင်တောင် ပြောထားတာရှိတယ်” လို့ ဒေသခံတစ်ဦးကလည်း CJ Platform ကို ပြောပါတယ်။
ဖားကန့်မြို့နယ်ရှိ မှော်စီစာမှာ ဒေသခံတွေရဲ့ ဆိုဒ်အသေးလုပ်ကွက်တွေဆီမှာလည်း ရာဇဌာနီနဲ့ မြန်မာတကောင်း စတဲ့ “ဝ” တပ်ဖွဲ့ UWSA ရဲ့ စီးပွားရေးတာဝန်ခံတွေ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကလည်း မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် MNDAA ရဲ့ စီးပွားရေးတာဝန်ခံ ပိုင်ဆိုင်ထားတဲ့ 111 ကုမ္ပဏီပိုင် ဘက်ဟိုးတစ်စီးနဲ့ မြေသယ်ကားနှစ်စီးကို မီးရှို့ဖျက်ဆီးခဲ့သလို ကင်းတဲတွေကိုပါ မီးရှို့ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မှော်စီကျေးရွာ ဘုရားကုန်းမှာ အထိုင်ချတပ်စွဲထားပြီး ကျောက်လုပ်ကွက်တွေရှိ စက်ယန္တယားတွေကို အထက်က ညွှန်ကြားတဲ့အချိန်တိုင်း ဆင်းလာပြီး မီးရှို့ရှို့နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် ကျောက်လုပ်ကွက်အတွင်း အသုံးပြုတဲ့ လုပ်ငန်းသုံး ယမ်းဂိုဒေါင်တွေနဲ့ ယမ်းတင်ဆောင်ထားတဲ့ ကားတွေကိုပါ ဗုံးသီးချတိုက်ခိုက်လို့ ဒေသခံ ၁၀ ဦးထက် မနည်း သေဆုံးခဲ့ရပါတယ်။
ဓာတ်ပုံ – Tarlin Mg