ကောလင်းမြို့နယ်က စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အင်ပင်လှကျေးရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီက မနေ့က ဧပြီ ၁၀ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၁၃ အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရရှိကာ ၁ ဦးဒဏ်ရာပြင်းထန်တယ်လို့ ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အင်ပင်လှကျေးရွာရှိ စစ်ဘေးရှောင်များနေထိုင်ရာ စာသင်ကျောင်းကို မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်ခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်လုံးမှာ စာသင်ကျောင်းပေါ်ကျရောက်ခဲ့ပြီး နောက်တစ်လုံးမှာ စာသင်ကျောင်းနဲ့ ကိုက် ၅၀ အကွာရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ဒီကနေ့ ဧပြီလ ၁၁ ရက်နေ့ မနက် ၄ နာရီခန့်မှာ ကောလင်းမြို့နယ်အရှေ့ခြမ်း ရွှေဘို-မြစ်ကြီးနားလမ်းဘေးရှိ သဲချောင်းရွာသစ်ကို စစ်ကောင်စီက မြေပြင်စစ်ရေးလှုပ်ရှားမှုမရှိဘဲ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီက လေကြောင်းကနေ ကြဲချတဲ့ ဗုံးသုံးလုံးအနက် နှစ်လုံးမှာ ကျေးရွာအနီးက လယ်ကွင်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့တယ်လို့ ဆိုပါတယ်။
မပေါက်ကွဲသေးတဲ့ ကျန်ဗုံးသီးတစ်လုံးကို တော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့မှာဘဲ တူးဖော်ရှင်းလင်းခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
စစ်ခေါင်းမင်းအောင်လှိုင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုမသွားခင် စစ်ကောင်စီက ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ရက် ၂၀ ကြာအပစ်အခတ်ရပ်စဲတယ်လို့ ကြေညာခဲ့ပေမဲ့ နိုင်ငံတဝန်း တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကိုပါ လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
ဓာတ်ပုံ – Kawlin People Defense Force – KLPDF