တံတားဖွင့်ပွဲလုပ်နေတုန်း ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ စစ်ကောင်စီဝန်ကြီးတွေ ကသုတ်ကရက်ထွက်ပြေး

ကရင်ပြည် ကော့ကရိတ်မြို့အနီးရှိ ဂျိုင်း-ကော့ကရိတ်တံတား ဖွင့်ပွဲ့အခမ်းအနားကို မတ်လ ၉ ရက်နေ့က စစ်ကောင်စီခန့် ဆောက်လုပ်ရေးဝန်ကြီးနဲ့အတူ ကရင်ပြည်နယ်ဝန်ကြီးချုပ်တို့ တက်ရောက်ခဲ့ပြီး ဖွင့်ပွဲ ကျင်းပနေချိန်အတွင်း မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဝန်ကြီးတွေ ဖဲကြိုးဖြတ်ပြီး ကသုတ်ကရက်ထွက်ပြေးခဲ့ကြတယ်လို့ MLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီတံတားဖွင့်ပွဲကို မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ရဲ့ Spring UAV Force – G3 Fixed-wing ဒရုန်းအဖွဲ့မှ ဒရုန်း(၂)စင်းနဲ့ သုံးကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ ဂျိုင်းတံတားအသစ်ရဲ့ ဖွင့်ပွဲနေရာခြမ်းကို ဦးတည် တိုက်ခိုက်ခဲ့တာပါ။ တံတားဖွင့်ပွဲအချိန် တိုက်ခိုက်ခဲ့တဲ့ အကြိမ်မှာ jammerကြောင့် လွဲချော်သွားခဲ့တာပါ” လို့ MLA သတင်းနဲ့ပြန်ကြားရေးတာ၀န်ခံ မနေခြည် က CJ Platform ကိုပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရကာ ဖွင့်ပွဲကျင်းပနေချိန် jammerကြောင့် လွဲချော်သွားခဲ့တဲ့ ဒရုန်းဗုံးသီးကြောင့် တံတားဟောင်း အောက်ဘက်ခြမ်း မူလတန်းကျောင်းအနီးက ဈေးသည်တစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းရုပ်သံမှာတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ကရင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်ဝင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်နဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ဗညားဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အဲဒီရုပ်သံဖိုင်ထဲ ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်ပတ်ဖြန်းနေရာမှာ စစ်ကောင်စီဝန်ကြီးတွေက မြန်မြန်ဆန်ဆန် ပက်ဖြန်းနေချိန် ဖွင့်ပွဲ့တက်ရောက်သူအချို့ နဲ့ jammer တပ်ဆင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး ခပ်သုတ်သုတ်ဖြတ်သန်း သွားတာကိုတွေ့ရကာ ကားနှစ်စီးမောင်းထွက်သွားတာကိုလည်း တွေ့ရှိရပါတယ်။
ဒါ့အပြင် တံတားကိုဖြတ်သန်းကြည့်ရှုချိန်မှာလည်း အဖွဲ့လိုက် ကသုတ်ကရက်နဲ့ ခပ်မြန်မြန်လျောက်သွားတာကို တွေ့ရှိရပြီး jammer တပ်ဆင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒရုန်းပစ်လက်နက်ကိုင်ဆောင်ထားသူ တစ်ဦးလည်း ဘေးဝဲယာကနေ လိုက်လံ လုံခြုံရေးယူပေးနေရတာကိုလည်း တွေ့ရှိရပါတယ်။
ဂျိုင်းတံတားသစ်ဖွင့်ပွဲအခမ်းနား တိုက်ခိုက်ရေးမစ်ရှင်အတွင်း ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားတဲ့အတွက် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ကလွန်စွာ၀မ်းနည်းရပါတယ်လို့ မနေ့ညကထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာလည်း ပြည်သူတစ်ဦးတစ်ယောက်မျှ အထိအခိုက်မရှိစေဖို့ MLA အနေနဲ့ အစွမ်းကုန်ကြိုးစားသွားမယ်လို့လည်းထုတ်ပြန်ချက်ထဲ ကတိပြုထားပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေ အခမ်းအနားတွေနဲ့ နီးနီးကပ်ကပ်မရှိကြဖို့ အသိပေးလိုတဲ့ အပြင် တော်လှန်ရေးအင်အားစုတွေရဲ့အသံကို နားစွင့်ကာ ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံတိုက်တွန်း လိုတယ်လို့လည်း MLA ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကပြောကြားပါတယ်။
ဓာတ်ပုံ – pro-SAC