ငလျင်လှုပ်တာကြောင့် မအူပင်ထောင်အုတ်ရိုးအက်ကွဲ မနေ့ကအထိ ငလျင်လှုပ်ခတ်နေဆဲဖြစ်

ဧရာဝတီတိုင်း မအူပင်မြို့မှာ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် ပျက်စီးမှုတွေထဲ မအူပင်အကျဉ်းထောင်ရှိ အပြင်အုတ်ရိုးအပ်ကွဲ သွားခဲ့တာရှိတဲ့အပြင် မနေ့ကအထိ ငလျင်လှုပ်ခတ် နေသေးတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အဲဒီငလျင်ကြောင့် အစိုးရရုံးတွေ လူနေအိမ်တွေ သာသနိကအဆောက်အအုံတွေ ပျက်စီးခဲ့ရတာတွေရှိခဲ့ပြီး စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ်လည်း အပျက်အစီးတွေကို လာရောက်ကြည့်ရှုသွားတယ်လို့ ဆိုပါတယ်။
“ ငလျင်ကဒီနေ့လည်းလှုပ်နေတုန်းပဲ။ တိုင်းဝန်ကြီးချုပ်လည်းလာသွားတယ်။ ထောင်ထဲတော့ အနောက်ဘက် အုတ်ရိုး အက်ကွဲသွားတာ၊ ဒါနဲ့ဆို နှစ်ခါရှိပြီပေါ့” လို့ မအူပင်အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက CJ Platform ကိုပြောပါတယ်။
မအူပင်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က လှုပ်ခဲ့တဲ့ ငလျင်ကြောင့် အကျဉ်းထောင်အုတ်ရိုးပေါ်က အုတ်ခဲတွေပြုတ်ကျရာမှ အကျဉ်းသူတစ်ဦး လက်ကျိုးသွားတာရှိသလို အိပ်ဆောင် ၅ ရှိ အတွင်းအုတ်ရိုးအခုံး ပျက်ဆီးသွားခဲ့တယ်လို့ မအူပင်အကျဉ်းထောင်က ပြန်လွတ်မြောက်လာခဲ့သူတစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။
“ အဲဒီတုန်းက အသံကအရင်လာတာဗျ။ ကျွန်တော်တို့က လေယာဉ်ပျက်ကျတယ်ထင်ခဲ့တာ။ မကြာဘူး ငလျင်လှုပ်တော့တာပဲ။ တော်သေးတာက တန်းဖွင့်ချိန်ဖြစ်နေတာရယ်ကြောင့် သိပ်မစိုးရိမ်ခဲ့ရဘူး” လို့ မအူပင်ထောင်က လွတ်မြောက်လာသူက ပြောပါတယ်။
မအူပင် အကျဉ်းထောင်ထဲ အခုလို ဝန်ကြီးတွေ တာဝန်ရှိသူတွေလာတဲ့ အချိန်မှာ အလွန်စိတ်ညစ်ရပြီး စိတ်ကျဉ်းကြပ်ခဲ့ရတယ် လို့လည်း သူကဆက်ပြောပါတယ်။
အကျဉ်းထောင်အတွင်း တာဝန်ရှိသူတွေလာပါက မနက်အစောပိုင်းကတည်းကပင် တန်းထိုင်ထားရပြီး လူကြီးမလာမချင်း ထိုင်နေရတာဖြစ်လို့ ထမင်းစားချိန်လွန်တာတွေ မကြာခဏကြုံရတယ်လို့ သိရပါတယ်။
အဲဒီလို တာဝန်ရှိသူတွေလာရောက်ပါက အကျဉ်းသားတွေကိုကျွေးမွေးတဲ့ ပဲဟင်းမှာ ပုံမှန်ချက်ကျွေးတာနဲ့ မတူပဲ ပိုမိုကောင်းမွန်ကာ အသားဟင်းမှာလည်း အဲဒီအချိန်မှသာ ဆီကိုမြင်ရတယ်လို့ စုံစမ်းသိရှိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီခန့် ဝန်ကြီးချုပ်က ပြန်လည်ပြင်ဆင်ဖို့ ညွှန်ကြားသွားတာတော့ရှိပြီး မအူပင်အကျဉ်းထောင်အတွင်း အကျဉ်းသားတွေကို စည်းကမ်းထပ်တင်းကြပ်ထားတာမျိုးတော့ မရှိသေးဘူးလို့ သိရတဲ့အပြင် အုပ်ရိုးနား မကပ်ဖို့ ပြောဆိုထားတာတွေတော့ရှိတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးဆီကနေ သိရပါတယ်။
ဓာတ်ပုံ – pro-SAC