ရခိုင်ကို ပြေးဆွဲနေတဲ့ အဝေးပြေးကားဂိတ်တွေ ကိုးလကြာတဲ့အထိ ပြန်မဖွင့်နိုင်သေးလို့ ဝန်ထမ်းတွေ အလုပ်လက်မဲ့ဖြစ် ရန်ကုန်-စစ်တွေ လေယာဉ်လက်မှတ်ဈေး နှစ်ဆကျော် မြင့်တက်

Author ကိုထက်
Categories
Published on Dec 11, 2024

စစ်ရှုံးနေတဲ့ ရခိုင်ပြည်က မြို့နယ်တွေဆီ ပြေးဆွဲနေတဲ့ ရန်ကုန်ရှိအဝေးပြေးယာဉ်လိုင်းတွေ ကိုးလကြာတဲ့အထိ ပိတ်ထားရဆဲဖြစ်တယ်လို့ အဲဒီယာဉ်လိုင်းတွေဆီကနေ သိရပါတယ်။

 

ဒီနှစ် ၂၀၂၄၊ ဧပြီလကစလို့ အဝေးပြေးယာဉ်လိုင်းတွေ အခု ဒီဇင်ဘာလအထိ ကိုးလကျော်ကြာ ပိတ်ထားရတဲ့အတွက် ဝန်ထမ်းတွေ အလုပ်လက်မဲ့ဖြစ်နေပြီး စားဝတ်နေရေးခက်ခဲနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

“ပြန်ဖွင့်ရနိုး၊ ဖွင့်ရနိုးနဲ့ စောင့်နေသေးတာ။ အခုက ကိုးလလောက်ရှိတော့ အလုပ်လည်းပြုတ်တာပေါ့။ တချို့တွေလည်း အခုထိ တခြားအလုပ်မရသေးဘဲ အလုပ်လက်မဲ့တွေဖြစ်နေကြတုန်းပဲ” လို့ ရန်ကုန် – အမ်း – ကျောက်တော် – စစ်တွေကို ပြေးဆွဲနေတဲ့ တိုးရတနာယာဉ်လိုင်းမှာ လုပ်ကိုင်ခဲ့သူ ဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် ရန်ကုန်-စစ်တွေ လေကြောင်းခရီးမှာလည်း လေယာဉ်လက်မှတ်ခတွေ ပြီးခဲ့တဲ့နှစ်ကထက် နှစ်ဆကျော်မြင့်တက်သွားတယ်လို့ သွားလာခဲ့သူတွေနဲ့ လေယာဉ်လက်မှတ်ရောင်းဝယ်သူတွေဆီ‌ကနေ သိရပါတယ်။

 

စစ်အာဏာမသိမ်းခင်က ရန်ကုန်-စစ်တွေ လေယာဉ်လက်မှတ်တစ်စောင် ကျပ်နှစ်သိန်းကနေ အခုအခါ ငါးသိန်းကျပ်အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။

 

“သွားဖို့ကလည်း ဒီတစ်နည်းပဲရှိတယ်လေ။ ကားနဲ့က အကုန်ပိတ်ထားတာဆိုတော့” လို့ ရန်ကုန်ကနေ စစ်တွေကို သွားရောက်ခဲ့တဲ့ အမျိုးသမီးတစ်ဦးက ‌ပြောပါတယ်။

 

ရခိုင်ပြည်မှာ အာရက္ခတပ်တော်(AA)က မြို့နယ်အတော်များများကို ထိန်းချုပ်လာနိုင်နေတဲ့အတွက် စစ်ကောင်စီဘက်က လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့မှုတွေ၊ ဆက်သွယ်ရေးဖြတ်တောက်မှုတွေကို လုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်။

 

အခုလို ရခိုင်ပြည်ကိုသွားမယ့် ကုန်လမ်း၊ ရေလမ်းကို ပိတ်ဆို့ထားတဲ့အတွက် ကုန်စည်သယ်ယူမှုတွေမှာလည်း လေကြောင်းကိုသာ အားကိုးနေကြရပြီး ရခိုင်ပြည်အတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်တွေကိုပါ ခံစားနေကြရပါတယ်။

 

လက်ရှိ အာရက္ခတပ်တော် (AA)က ချင်းပြည်၊ ပလက်ဝမြို့အပါအဝင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ သံတွဲ၊ ပေါက်တော၊ ရမ်းဗြဲနဲ့  မြောက်ဦးမြို့တို့ကို သိမ်းပိုက်ရရှိထားပါတယ်။

 

ရခိုင်ပြည်အတွင်း အမ်း၊ စစ်တွေ၊ ကျောက်ဖြူ၊ ဂွ၊ တောင်ကုတ်နဲ့ မာန်အောင်မြို့တို့ကိုသာ AA အနေနဲ့ သိမ်းပိုက်ရန် ကျန်ရှိပြီး လက်ရှိမှာလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တစ်ခုသာ ကျန်တဲ့ အမ်း၊ ဂွနဲ့ တောင်ကုတ်မြို့နယ်တွေကို ဆက်လက်တိုက်ခိုက်နေပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကနေ ရခိုင်ပြည်သို့ ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းတစ်ခုကိုတွေ့မြင်ရစဉ်