တောင်ကိုရီးယားသမ္မတရုံးကို ရဲတွေ ဝင်ရောက်ရှာဖွေ၊ စစ်အုပ်ချုပ်ရေး ကြေညာမှုနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပိုကျယ်ပြန့်လာ
တောင်ကိုရီးယားရဲတပ်ဖွဲ့ဟာ ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ သမ္မတယွန်ဆွတ်ယိုလ်ရဲ့ ရုံးခန်းကို ဝင်ရောက်ရှာဖွေခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ကြေညာခဲ့တဲ့ စစ်အုပ်ချုပ်ရေး ကြေညာချက်နဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့မှာ သမ္မတဖြစ်သူက ရုတ်တရက် စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာကြောင့် ကိုရီးယားနိုင်ငံဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ လွှတ်တော်အမတ်တွေဟာ နာရီပိုင်းအတွင်းမှာ လွှတ်တော်ခေါ်ယူပြီး စစ်အုပ်ချုပ်ရေး ကြေညာချက် ဖျက်သိမ်းဖို့ မဲခွဲဆုံးဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အခုလိုမျိုး သမ္မတရုံးကို ဝင်ရောက်ရှာဖွေခဲ့ခြင်းဟာ သမ္မတအပါအဝင် အဆင့်မြင့်ရဲနဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတွေအပေါ် စုံစမ်းစစ်ဆေးမှု ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနေတယ်ဆိုတာ သိသာထင်ရှားစေပါတယ်။
စုံစမ်းစစ်ဆေးမှုတွေ အရှိန်မြှင့်တင် လုပ်ဆောင်နေစဉ်မှာပဲ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယုန်ဟွန်းဟာ ထိန်းသိမ်းထားစဉ်မှာပဲ အင်္ကျီနဲ့ အတွင်းခံဘောင်းဘီကို အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့လည်း ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ တရားရေးဝန်ကြီးဌာနက အရာရှိတစ်ဦးက လွှတ်တော်ကို ပြောပါတယ်။
လက်ရှိမှာတော့ ကာကွယ်ရေးဝန်ကြီးဟောင်းကို စောင့်ကြည့်ထားပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေ မရှိတော့ဘူးလို အဆိုပါ အရာရှိက ဆက်ပြောပါတယ်။
စစ်အုပ်ချုပ်ရေးပယ်ဖျက်ခံလိုက်ရပြီးတဲ့နောက်မှာ ကာကွယ်ရေးဝန်ကြီး ကင်ယုန်ဟွန်းဟာ ရာထူးကနေ နုတ်ထွက်ခဲ့ပြီး အရေးပေါ် စစ်အုပ်ချုပ်ရေး ထုတ်ပြန်ကြေညာခဲ့မှုအတွက် တာဝန်ရှိသူက မိမိတစ်ဦးတည်းသာ ဖြစ်တယ်လို့ တောင်းပန်စကားဆိုခဲ့ပါတယ်။
လက်ရှိမှာ သမ္မတယွန်ကိုလည်း ပုန်ကန်မှုစွပ်စွဲချက်တွေနဲ့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု ခံနေရပြီး နိုင်ငံတွင်းကနေလည်း ထွက်ခွာခွင့် ပိတ်ပင်ခံထားရပါတယ်။ ဒါပေမဲ့ အခုအချိန်ထိ ဖမ်းဆီးတာနဲ့ စစ်ဆေးမေးမြန်းတာတွေတော့ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ စနေနေ့ ဒီဇင်ဘာ ၇ ရက်နေ့ကစပြီး သမ္မတဟာ အများပြည်သူရှေ့ထွက်တာ မတွေ့ရသေးသလို သမ္မတရုံးကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့စဉ်မှာလည်း သမ္မတဖြစ်သူ ရှိမနေခဲ့ဘူးလို့ ဆိုပါတယ်။
သမ္မတရုံးကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့မှုကို သမ္မတရဲ့ လုံခြုံရေးဝန်ထမ်းတစ်ဦးက ရိုက်တာသတင်းဌာနကို အတည်ပြု ပြောဆိုခဲ့ပေမဲ့ ရဲတပ်ဖွဲ့ကတော့ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
တောင်ကိုရီးယားသတင်းဌာနတစ်ခုဖြစ်တဲ့ ယွန်ဟပ် (Yonhup) သတင်းဌာနကလည်း ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရေးမှူးတွေဟာ သမ္မတယွန်အတွက် ရှာဖွေဝရမ်းကို ပြသခဲ့တယ်လို့ ဖော်ပြပါတယ်။
မအောင်မြင်တဲ့ စစ်အုပ်ချုပ်ရေးကြေညာမှုကို လက်ရှိမှာ စုံစမ်းစစ်ဆေးနေတဲ့ ဌာနတွေထဲ အပါအဝင်ဖြစ်တဲ့ အဆင့်မြင့်အရာရှိတွေရဲ့ အဂတိလိုက်စားမှု စုံစမ်းရေးရုံးရဲ့ အကြီးအကဲဖြစ်သူ အိုဒုံဝွန်းကလည်း သူ့ရဲ့ ရုံးဟာ လိုအပ်ရင် သမ္မတယွန်ကို ဖမ်းဆီးလိုတယ်လို့ ပြောပါတယ်။
ဒါ့အပြင် စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ ညနေပိုင်းမှာ လွှတ်တော်ထဲကို လွှတ်တော်အမတ်တွေ ဝင်ရောက်တာကို တားဆီးဖို့ ရဲတပ်ဖွဲ့တွေ ဖြန့်ကြက်ထားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြီးအကဲ ချိုဂျီဟိုကိုလည်း ဒီကနေ့ မနက်ပိုင်းမှာပဲ ဖမ်းဆီးခဲ့ပြီး သူဟာ နောက်ဆုံး အဖမ်းခံလိုက်ရတဲ့ ထိပ်တန်းအရာရှိဖြစ်တယ်လို့လည်း ယွန်ဟပ် သတင်းဌာနက ဖော်ပြပါတယ်။
စစ်အုပ်ချုပ်ရေးပယ်ဖျက်ဖို့ လွှတ်တော်အမတ်တွေ လွှတ်တော်ခေါ်နေတုန်းမှာ သမ္မတယွန်ဟာ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေကို တံခါးကို ချိုးဖျက်ဝင်ရောက်ပြီး လွှတ်တော်ထဲက လွှတ်တော်အမတ်တွေကို ဆွဲထုတ်ဖို့လည်း အမိန့်ပေးခဲ့သေးတယ်လို့ ကြည်းတပ်အထူးစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှူး ကွက်ခ်ဂျွန်ဂွမ်က ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ လွှတ်တော်ကို ပြောပါတယ်။
ရာထူးက နုတ်ထွက်သွားတဲ့ ကာကွယ်ရေးဝန်ကြီး ကင်ဟာလည်း အလားတူ အမိန့်မျိုး ပေးခဲ့တယ်လို့ စစ်ဘက်ဆိုင်ရာ အရာရှိတွေက စွပ်စွဲပြောထားပါတယ်။
လက်ရှိမှာတော့ တောင်ကိုရီးယားနိုင်ငံဟာ ခေါင်းဆောင်မှု အကျပ်အတည်းကို ကြုံနေရသလို လတ်တလောမှာတော့ ဝန်ကြီးချုပ် ဟန်ဒက်ဆူးက နိုင်ငံရေးရာကိစ္စတွေကို ကိုင်တွယ်မှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အတိုက်အခံ ဒီမိုကရက်တစ်ပါတီကလည်း ပထမအကြိမ် မအောင်မြင်ခဲ့တဲ့ သမ္မတကို စွပ်စွဲပြစ်တင် ဖြုတ်ချမှုကို နောက်တစ်ကြိမ်ထပ်မံ အဆိုတင်မှာ ဖြစ်ပြီး လာမယ့် စနေနေ့မှာ မဲထပ်ခွဲမှာ ဖြစ်တယ်လို့ သိရပါတယ်။
သမ္မတဖြစ်သူကို စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ လွှတ်တော်အမတ် ၃၀၀ ထဲက သုံးပုံနှစ်ပုံရဲ့ ထောက်ခံမှု ရရှိဖို့ လိုအပ်ပြီး သမ္မတယွန်ရဲ့ ပါတီ People Power Party (PPP) က လွှတ်တော်အမတ်နေရာ ၁၀၈ နေရာကို အနိုင်ရထားတာကြောင့် PPP ပါတီဘက်က ရှစ်ဦးရဲ့ ထောက်ခံမှုရမှသာ သမ္မတကို ဖြုတ်ချနိုင်မှာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ သမ္မတယွန်ရဲ့ ပါတီဝင်အမတ်တချို့ကလည်း သမ္မတဖြုတ်ချမှုကို ထောက်ခံမှုတွေ ရှိလာတာကြောင့် လွှတ်တော်ကမဲခွဲဆုံးဖြတ်မှု အောင်မြင်ခဲ့ရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက သမ္မတ ဖြုတ်ချရေးကို အတည်ပြု ဆုံးဖြတ်သွားမှာလည်း ဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာမှု ဖျက်သိမ်းပြီး ကတည်းက သမ္မတ ရာထူးက နုတ်ထွက်ရေးကို ဆန္ဒပြတောင်းဆိုမှုတွေလည်း ရှိနေသလို ဒီကနေ့မှာလည်း ကားကုမ္ပဏီ Kia ကော်ပိုရေးရှင်းအပါအဝင် သတ္တုတွင်းအလုပ်သမား သမဂ္ဂတွေက သပိတ်မှောက်မယ်လို့ ကြေညာခဲ့သလို ဘဏ်လုပ်ငန်းကဝန်ထမ်းတွေကလည်း ဆန္ဒပြမှုမှာ ပါဝင်သွားမယ်လို့ သိရပါတယ်။
ဓာတ်ပုံ – REUTERS/Kim Hong-Ji
ပုံစာ- သမ္မတရာထူးက နုတ်ထွက်ပေးဖို့ ဆိုးလ်မြို့က PPP ပါတီဌာနရှေ့မှာ ဆန္ဒပြတောင်းဆိုနေတဲ့ လူအုပ်ကို ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့က တွေ့မြင်ရစဉ်
ကိုးကား – Reuters