အမ်းမှာ စစ်ကောင်စီ ရဟတ်ယာဉ် တစ်စင်း ပစ်ခတ်ခံရလို့ဆို

Author သုတ
Categories
Published on Nov 11, 2024

ရခိုင်ပြည်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့ကို လက်နက်ခဲယမ်း လာပို့တဲ့  စစ်ဘက်သုံး ထောက်ပို့ Mi-17 ရဟတ်ယာဉ် တစ်စင်းကို နိုဝင်ဘာလ ၁၀ ရက်နေ့မှာ အာရက္ခတပ်တော် (AA) က ပစ်ခတ်နိုင်ခဲ့တယ်လို့  စုံစမ်း သိရှိရပါတယ်။

 

ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်မှာ စစ်ရဟတ်ယာဉ် လေးစင်းနဲ့ နပခဌာနချုပ်ကို  လက်နက်ခဲယမ်းတွေ လာရောက် ပို့ဆောင်ခဲ့ပြီး အပြန်မှာ ပစ်ခတ်ခံရတာဖြစ်တယ်လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

 

“နပခထဲ လက်နက်တွေလာချတာ။ လေးစင်း လာတယ်။ နပခကနေ အပြန်မှာ တပ်တော်က ပစ်တယ်။  နောက်ဆုံးအစီးကို ထိတာ။ အပေါ်မှာတင် မီးခိုးအူပြီး လည်ထွက်သွားတယ်။ မီးခိုးတန်းလန်းနဲ့ ပျံသွားတယ်” လို့ သူက ပြောပါတယ်။

 

လေယာဉ်ပစ်ချမှုနဲ့ ပတ်သက်လို့ AA ပြောခွင့်ရ ဦးခိုင်သုခကို ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိသေးတာကြောင့် အတည် မပြုနိုင်သေးပါဘူး။

 

လက်ရှိမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီး တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီကလည်း လေကြောင်း ဗုံးကြဲမှုတွေ မကြာခဏပြုလုပ်ကာ ခုခံနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

AA သိမ်းပိုက်ထားတဲ့ အမ်းအခြေစိုက် စစ်ကောင်စီရဲ့ အမြောက်တပ်၊ ဆေးတပ်နဲ့ လက်နက်တိုက် အပါအဝင် တပ်စခန်းတွေဆီက လက်နက်အများအပြားကို AA က သိမ်းပိုက်ရရှိထားတဲ့အတွက် အဲဒီတပ်စခန်းတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

ပုံစာ- စစ်ကောင်စီအသုံးပြုနေတဲ့ အရပ်ဘက်၊ စစ်ဘက်သုံး MI-17 ရဟတ်ယာဉ်တစ်စင်းကို တွေ့ရစဉ်