မြန်မာမှာ တရုတ်ဆန့်ကျင်သူတွေ အခြေမပြုနိုင်အောင်လုပ်မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းအပြီး လေးနှစ်အတွင်း ပထမဆုံး တရုတ်ခရီးစဉ်အနေနဲ့ နိုဝင်ဘာ ၅ ရက်ကနေ ၁၀ ရက်နေ့အထိ ယူနမ်ပြည်နယ်၊ ကူမင်းမြို့နဲ့ ချုံချင့်မြို့တွေကို သွားရောက်ခဲ့ပါတယ်။
အဲဒီမှာ တရုတ်ဝန်ကြီးချုပ် လီချန်းအပါအဝင် အာဆီယံနိုင်ငံတချို့က ခေါင်းဆောင်တွေနဲ့လည်း စစ်ခေါင်းဆောင် တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှုကို အားပေးတယ်ဆိုပြီး တရုတ်ဘက်က ထပ်လောင်း အသိအမှတ်ပြုခဲ့သလို တရုတ်နိုင်ငံ နယ်နိမိတ်ကိုအခြေပြုပြီး မြန်မာနိုင်ငံကို ဆန့်ကျင်နေသူတွေ၊ မြန်မာနိုင်ငံနဲ့ပတ်သက်ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းမှန်သမျှကို လက်မခံဘူးလို့တရုတ်က ပြောတဲ့အကြောင်း စစ်ကောင်စီ ပြောခွင့်ရထားသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
“အဲဒီလိုပဲ မြန်မာနိုင်ငံအနေနဲ့လည်း တရုတ်နိုင်ငံရဲ့မူဝါဒကို ထပ်လောင်းအတည်ပြုခဲ့တယ်။ တရုတ်နိုင်ငံကို ဆန့်ကျင်တဲ့သူတွေ မြန်မာနိုင်ငံထဲမှာ အခြေမပြုနိုင်အောင် ကျွန်တော်တို့ထပ်မံပြီးတော့ ထပ်လောင်းအတည်ပြုခဲ့ပါတယ်။ ဒါကနိုင်ငံရေးပိုင်းနဲ့ပတ်သက်ပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ခိုင်မာစေဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ အမြဲတမ်းအားပေးထောက်ခံမှုကိုလည်း ရရှိခဲ့တယ်”လို့ သူက ပြောပါတယ်။
စစ်ခေါင်းဆောင်တရုတ်ခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ သူက အဲဒီခရီးစဉ်ကအပြန် ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်နေ့မှာပဲ လေဆိပ်မှာ စစ်ကောင်စီလက်အောက်ခံမီဒီယာတွေနဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောသွားတာပါ။
တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ရာမှာလည်း အောင်မြင်မှုရခဲ့ပြီး မြန်မာမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားသူတွေ များတယ်လို့ သူက ပြောပါတယ်။
“တရုတ်ရဲ့ One Belt One Road စီမံကိန်းစတဲ့ မြန်မာနဲ့ဆိုင်တဲ့ CMR မြန်မာ-တရုတ်စီးပွားရေးစင်္ကြံစီမံကိန်းတွေနဲ့ ပတ်သက်ပြီးလည်း မကြာမီတိုးမြင့်လာမယ်လို့ မျှော်မှန်းပါတယ်”လို့ စစ်ကောင်စီတပ်ပြောခွင့်ရထားသူက ပြောပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုဝင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့(၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသ(ဂျီအမ်အက်စ်)အစည်းအဝေး၊ (၁၀)ကြိမ်မြောက်(အက်မက်စ်)အစည်းအဝေး ဧရာဝတီ-ကျောက်ဖရား-မဲခေါင်အစည်းအဝေး၊ (၁၁)ကြိမ်မြောက်(စီအယ်လ်အမ်ဗွီ) အစည်းအဝေးတွေကို တက်ရောက်ခဲ့ပါတယ်။
အက်ခ်မက်အစည်းအဝေးမှာ လာမယ့် ၂၀၂၅ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌအဖြစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လာအိုဝန်ကြီးချုပ်က လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာလည်း နိုင်ငံစုံ(အက်မက်စ်)နိုင်ငံတွေကို ဖိတ်ခေါ်ပြီး အစည်းအဝေးကျင်းပမယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသွားပါသေးတယ်။
ဓာတ်ပုံ – Pro-SAC